ဖေဖော်ဝါရီ (၁) ကို မှန်းဆခြင်း

 

SN (VOM)

မြန်မာနိုင်ငံကို အရေးပေါ်ကြေညာပြီး နစက က နိုင်ငံ့တာဝန် လွှဲပြောင်းယူခဲ့တာဟာ လာမယ့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် သုံးနှစ်သက်တမ်းပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

နစကအစိုးရ သက်တမ်းထပ်တိုးရမယ့် နောက်ထပ် ခြောက်လပြည့်ချိန်လည်း ဖြစ်တာကြောင့် အစိုးရပိုင်းမှာ ဘယ်လိုအခြေအနေ ပြောင်းလဲသွားနိုင်ချေရှိမလဲ ဆိုတာကို နိုင်ငံရေးလေ့လာသူတွေနဲ့ ပြည်သူတွေက သတိထားစောင့်ကြည့်နေကြပါတယ်။

နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာတော့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ပတ်သက်လို့ အရင်လိုပဲ ပုံမှန် ခြောက်လ သက်တမ်းတိုးနိုင်တယ်၊ ကြားဖြတ်အစိုးရတခု ပေါ်ပေါက်လာနိုင်တယ်၊ ပိုမိုကျယ်ပြန့်တဲ့ ညွန့်ပေါင်းအစိုးရတရပ် ဖြစ်လာနိုင်တယ်၊ ပြောင်းလဲသွားနိုင်တယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အခုလို ခန့်မှန်းပြောဆိုနေမှုတွေနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ ဒါနဲ့ပတ်သက်လို့ ကျွန်တော်က တခါတလေ ရယ်စရာပြောမိတယ်။ ကျွန်တော်တို့ ၈၈ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဗေဒင်ဆရာတွေ၊ နတ်ကတော်တွေကအစ နိုင်ငံရေးမဟောပါဆိုပြီး ဆိုင်းဘုတ်ချိတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်မြန်မာနိုင်ငံကြီးက ကြွေတလက်၊ ကြက်တခုန်လေ။ အပြောင်းအလဲ သိပ်မြန်လွန်းအားကြီးတော့ ကံသေကံမ ဘယ်သူမှ မပြောနိုင်ဘူး။ သို့သော် ကျွန်တော့်ခန့်မှန်းချက်အရ ပြောရရင်တော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေမှာကအစ သန်းခေါင်စာရင်းစစ်မယ်ဆိုတာ သူက အခိုင်အမာပြောတယ်။ သန်းခေါင်စာရင်း စစ်ပြီးမှဆိုတာက သေချာတယ်လို့ ကျွန်တော်က ကောက်ချက်ချလို့ရတယ်။ ဒါကြောင့်မို့လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ခြောက်လသက်တမ်းကတော့ တိုးမယ်၊ ဒါကတော့ ကျွန်တော်တို့ ခန့်မှန်းလို့ရတယ်။ အဲ့ဒါပြီးမှသူက ကာ/လုံ (အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ) ကို လွှဲပြီးမှသာလျှင် ခြောက်လအတွင်း ရွေးကောက်ပွဲ သေချာပေါက်ဖြစ်မယ်လို့ ကျွန်တော်တို့ကပြောလို့ရတယ်။ ဒါကြောင့် လောလောဆယ်ကတော့ ဒီ ဖေဖော်ဝါရီ ၁ ရက်နေ့သည် ကာ/လုံကို လွှဲတဲ့အဆင့်တော့ မဖြစ်နိုင်သေးဘူး၊ အဲ့တော့ ခြောက်လသက်တမ်းတိုးတာကို သာမန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်အောက်မှာ သာမန်အခြေအနေ မရောက်မချင်း ခြောက်လ၊ ခြောက်လ တိုးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလည်း နိုင်ငံရေးအပြောင်းအလဲ ပြန်ပေါ်လာမှ ပြည်သူတွေကြားထဲမှာလည်း အထိုက်အလျောက် လွတ်လပ်ခွင့်၊ လုံခြုံမှုတွေ ပြန်ပြီးတော့ရလာမယ်လို့ ယုံကြည်တယ်။ ဒါ့ကြောင့် နိုင်ငံရေးပြန်ပွင့်လာဖို့ကို ဇွတ်ကို ကျွန်တော်တို့ကြိုးစားနေတာ။ ခြိမ်းခြောက်တာတွေ၊ ဆဲဆိုတာတွေကြားထဲကကို ကျွန်တော်တို့ကြိုးစားနေတာ။ အဲ့တော့ ပြန်ချုပ်ပြောရရင် ဖေဖော်ဝါရီ ၁ ရက်နေ့ကတော့ ခြောက်လသက်တမ်း တိုးမယ်လို့ပဲ ကျွန်တော်က ယုံကြည်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရာမှာလည်း အားနည်းချက်၊ ချို့ယွင်းချက်တွေရှိတဲ့အတွက် အရပ်ဖက် နိုင်ငံရေး သမားတွေအနေနဲ့ မှန်ကန်စွာ ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ဦးကိုကိုကြီးက အကြံပြုပါတယ်။ နိုင်ငံ့တာဝန် ရယူထားတဲ့ အဖွဲ့အစည်းအနေနဲ့လည်း ကောင်းမွန်တဲ့ နိုင်ငံရေးမျှော်လင့်ချက်ကို ပြန်လည်ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့လည်း သူက တိုက်တွန်းထားပါတယ်။

“နောက်တခုက လက်ရှိ တပ်မတော်အကြီးအကဲတွေ အနေနဲ့လည်း ဒီတိုင်းသွားလို့မရတော့ဘူးဆိုတာတော့ သိလောက်ပြီလို့ထင်တယ်။ အဲ့တော့ အပြောင်းအလဲတော့ဖြစ်မယ်၊ ဘယ်လို ပြောင်းလဲမလဲဆိုတာကတော့ ကျွန်တော်အတိအကျ မသိဘူး။ အဲ့တော့ ဒီနေရာမှာ နစကဘက်က ပြောင်းလဲမယ့်အပြောင်းအလဲဟာ ပြည်သူတွေအတွက် တကယ်ပြောင်းပြီ၊ ပြောင်းလဲမှုတွေ လမ်းစပေါ်လာပြီဆိုတဲ့ အပြောင်းအလဲမျိုးဖြစ်ရင်တော့ အတိုင်းထက်အလွန်ပဲ။ မဟုတ်ဘဲနဲ့ မောင်ဖြူနဲ့ မောင်နီနဲ့ ပြောင်းနေတာလောက်နဲ့ကတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ ထူးထူးခြားခြားခံစားမှု၊ မျှော်လင့်မှု ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ နိုင်ငံရေးပြန်ပွင့်ဖို့အတွက်က ပြောင်းတော့ပြောင်းမယ်ဆိုရင်တောင်မှ ပြည်သူတွေဘက်က မျှော်လင့်လို့ရတဲ့ အားကောင်းတဲ့ အပြောင်းအလဲ ဖြစ်စေချင်တယ်။ ဒါကတော့ ကျွန်တော်တို့ဆန္ဒပါ။ ဒါကြောင့်မို့လို့ ဘက်အသီးသီးက နိုင်ငံရေးအရ ပြည်သူတွေအနေနဲ့ ယုံကြည်မှုရှိနိုင်မယ့် ပုဂ္ဂိုလ်တွေပါလာမယ်၊ နောက်တခုကတော့ လူပြောင်းတာတင်မကဘဲနဲ့ မူပါပြောင်းမယ်၊ နိုင်ငံရေးလမ်းကြောင်း တိတိကျကျ တခုခု ဖော်ထုတ်နိုင်မယ်ဆိုရင်တော့ အနာဂတ်နိုင်ငံရေး အပြောင်းအလဲအတွက်ရော၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းပြမြေပုံ (၅) ချက်ပေါ့၊ ရွေးကောက်ပွဲ အကောင်ထည်ဖော်ဖို့ရော ပိုပြီးတော့ အားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ဦးကိုကိုကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်တာလို့ဆိုပြီး နစကဟာ အရေးပေါ်ကာလ ခြောက်လသက်တမ်းကို အကြိမ်ကြိမ် တိုးလာနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာလည်း ကာ/လုံ အစည်းအဝေးခေါ်ပြီး တရားဥပဒေ စိုးမိုးရေး အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောဆိုကာ အဲ့ဒီ့ တခေါက်မှာလည်း နောက်ထပ်တကြိမ် ထပ်မံ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့လိုပဲ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာလည်း နောက်ထပ် ခြောက်လ နှစ်ကြိမ်လောက် ထပ်မံ သက်တမ်းတိုးနိုင်သေးတယ်လို့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ‌ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ SAC ဥက္ကဋ္ဌ ပြောကြားချက်လေးတွေကို သုံးသပ်ရရင်တော့ နစကအနေနဲ့ ဆက်ပြီးတော့ ခြောက်လ နှစ်ကြိမ်လောက်သွားမယ်လို့ အနည်းဆုံး ခန့်မှန်းရတာပေါ့။ ဒါက လက်ရှိ အနေအထားတွေရယ်၊ သူပြောတဲ့ ရွေးကောက်ပွဲတခု ကျင်းပဖို့အတွက် အခြေခံမဲစာရင်းခိုင်မာမှု လိုအပ်ချက်ဆိုတာလေ၊ ဒါက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာကျမှ မဲစာရင်း ကောက်မှာဆိုတော့ အဲ့ဒီ့ကရတဲ့ အချက်အလက်ပေါ်မှာ အခြေခံနိုင်တဲ့သဘော တွေ့တာပေါ့။ အဲ့တော့ ခြောက်လ နှစ်ကြိမ်သွားမယ်ဆိုတဲ့ ရည်မှန်းချက်လေးတွေကတော့ တွေ့နေရတာပဲ။ အခုမေးတာကို ဖြေရရင် ပထမအချက်က နစကသည် ခြောက်လ နှစ်ကြိမ်၊ လက်ရှိ အရေးပေါ်ကာလ ဥပဒေပြဌာန်းချက်ပါအတိုင်း သွားမယ်လို့ သုံးသပ်ရတာပေါ့။ ဒုတိယတချက်က ခင်ဗျားပြောတဲ့ အစိုးရပုံသဏ္ဌာန်တွေကိုသုံးသပ်ရရင် ဦးသိန်းစိန်လက်ထက်က ပုံစံအတိုင်း နစကဥက္ကဋ္ဌရော၊ ဝန်ကြီးဌာန လေးခု ဖွဲ့စည်းတာပေါ့လေ၊ အဲ့ဒါကတော့ ကြေညာပြီးပြီပဲ၊ (၁) ၊ (၂) ၊ (၃) ၊ (၄) ဆိုတာ တွေ့တယ်။ နိုင်ငံခြားရေးပတ်သက်တဲ့ ဦးကိုကိုလှိုင်ရယ်၊ နောက် စီးပွားရေး စသဖြင့် ဒါနဲ့ပတ်သက်တဲ့ ဦးအောင်နိုင်ဦးရယ်၊ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ ဦးမိုးအောင်ရယ်၊ နောက် ငြိမ်းချမ်းရေး၊ တခြား တိုင်းရင်းသားရေးနဲ့ ပတ်သက်တဲ့ ဦးအောင်ကျော်ဟိုး ဦးဆောင်တဲ့အဖွဲ့ အဲ့လို ဖွဲ့စည်းတာတွေ့တယ်။ အဲ့ဒါကိုကြည့်ရင် ဦးသိန်းစိန်လက်ထက်က ဝန်ကြီး ခြောက်ပါးနဲ့ အမှတ် (၁) သမ္မတရုံးဝန်ကြီး၊ (၂) ၊ (၃) ၊ (၄) ၊ (၅) ၊ (၆) ပေါ့ စသဖြင့် ရှိကြတာပဲလေ။ အဲ့ဒီ့လို အတွင်းလွှာကို တည်ဆောက်ပြီးမှ အပြင်လွှာကို ဂျူနီယာတွေနဲ့ သွားတာကိုး။ စီနီယာတွေကတော့ အတွင်းစည်းထဲမှာ ရှိတာပေါ့။ အခု နစကဥက္ကဋ္ဌရဲ့ ဝန်ကြီး လေးပါးနဲ့ ဥက္ကဋ္ဌရုံး ဝန်ကြီး လေးပါးပေါ့။ အရင်တုန်းကတော့ အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတွေပဲတွေ့တယ်။ နစကဥက္ကဋ္ဌရဲ့ ဝန်ကြီးဌာနအနေနဲ့ မရှိခဲ့ဘူး၊ အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနအနေနဲ့ပဲ ရှိခဲ့တယ်။ အဲ့တော့ ခန့်မှန်းရတာတော့ လာမယ့် ၃၁ ရက် နောက်ပိုင်းမှာ SAC သည် သူ့ရဲ့အတွင်းစည်းအနေနဲ့ ဝန်ကြီးဌာန လေးခု မတည်မယ်။ နောက် SAC အဖွဲ့ဝင်တွေရှိမယ်၊ အကြံပေးတွေ ရှိမှာပေါ့၊ မူဝါဒချပေးမယ့် အဖွဲ့တွေ။ ဒါပေမယ့် ရှေ့ထွက်ဖြစ်တဲ့ အစိုးရအဖွဲ့ပုံသဏ္ဌာန် ပြောင်းနိုင်တယ်။ အစိုးရအဖွဲ့ပုံသဏ္ဌာန်က လက်ရှိ တည်ငြိမ်အေးချမ်းမှုကို ဘယ်လို ဆောင်ရွက်မှာလဲဆိုတာ တခုရှိမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲအောင်ပေါ့ဗျာ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုတာကို ထဲထဲဝင်ဝင်လုပ်မယ်။ နောက် စီးပွားရေးပေါ့ဗျာ။ အဲ့ဒါလေးတွေမှာ SAC ဥက္ကဋ္ဌရဲ့ အတွင်းစည်းမှာ ဝန်ကြီး လေးပါးရဲ့ တာဝန်ယူရတဲ့ အခန်းကဏ္ဍပိုင်းအလိုက်ကို အစိုးရ ဝန်ကြီးချုပ်ပုံစံလေးတခု ဖြစ်လာနိုင်တယ်။ သူကိုယ်တိုင် တာဝန်ယူမယ့်ပုံ လောလောဆယ်တော့ မတွေ့ဘူးပေါ့နော်။ ဒါပေသည့် မယူဘူးလို့လည်း မပြောနိုင်ဘူး။ အဲ့တော့ ကြားဖြတ်အစိုးရ ဆိုတာကို လက်ရှိ အခြေခံဥပဒေအရတော့ အဲ့လို ဖွဲ့စည်းပိုင်ခွင့်ကတော့ (နစက ဆိုတဲ့ မူဝါဒချပေးတဲ့ ကာကွယ်ရေးဦးစီးချုပ်ဘက်မှာလည်း အခြေခံဥပဒေက တာဝန်ယူထားတာကိုး။) ဆိုတော့ အစိုးရရဲ့ ပုံသဏ္ဌာန်သည် ကြားဖြတ်အစိုးရလို့ အများသတ်မှတ်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် ပျော့ပြောင်းညှင်သာတဲ့ အများလက်ခံနိုင်တဲ့ ပုဂ္ဂလ တည်ငြိမ်အေးချမ်းမှုကို နိုင်ငံရေးနည်းအားဖြင့် ခြေလှမ်း လှမ်းပြီးမှ ခြောက်လ နှစ်ကြိမ်ကို ဆောင်ရွက်မှာလားဆိုတဲ့ ပုံသဏ္ဌာန် ကျွန်တော်တို့ မပြောနိုင်ဘူး။ အိမ်စောင့်အစိုးရ ခေါ်မှာလား၊ ကြားဖြတ်အစိုးရ ခေါ်မှာလားဆိုတာက အစိုးရ ဖွဲ့စည်းတဲ့အထဲမှာပါဝင်တဲ့ ပုဂ္ဂိုလ်များပေါ့ဗျာ၊ သူတို့ရဲ့ အနေအထားကိုကြည့်ပြီးမှ ကျွန်တော်တို့ သုံးသပ်နိုင်မှာ။ ဒါပေသည့် မူဝါဒကတော့ဖြင့် SAC အနေနဲ့ပဲ ချပေးမှာပေါ့။ အကောင်အထည်ဖော်တဲ့ အပိုင်းကို အစိုးရအဖွဲ့အနေနဲ့ပဲ သွားမှာလား၊ သူကိုယ်တိုင် ပါမှာလား၊ မပါဘူးလားတော့ မပြောတတ်ဘူး။ ဒါပေသည့် ပါဖို့ကတော့ ရာခိုင်နှုန်း ၅၀-၅၀ ပေါ့ဗျာ။ ဘာလို့ဆို SAC ဥက္ကဋ္ဌရဲ့ ဝန်ကြီး လေးပါးကို သူစဖွဲ့ပြီလေ။ ဒါ ဇန်နဝါရီ ၃၁ ရက် မတိုင်ခင်ကတည်းက သူ သေချာရွေးပြီး ဖွဲ့တာပဲလေ။ အဲ့တော့ အစီအစဉ်က ကြိုပြီးတော့ လုပ်ထားကြပြီထင်ပါတယ်။ ဘယ်လိုသွားမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ကတော့ ခင်ဗျားမေးတာကို ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်တာပါ” လို့ ‌ဒေါက်တာအေးမောင်က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ နစကဟာ ဒုသမ္မတ ဦးမြင့်ဆွေက အာဏာလွှဲပြောင်းပေးခဲ့တာလို့ ကြေညာပြီး နိုင်ငံ့တာဝန်ကို လွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ်ကာလကို စတင်ကြေညာတဲ့နေ့ကနေ တနှစ် သတ်မှတ်ထားတာပါ။

တနှစ်ပြည့်ပြည့်လို့ သက်တမ်းထပ်တိုးချင်တဲ့အခါ တကြိမ်ကို ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပြီး ဒီနောက်မှာ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပါတယ်။ ဒါပေမယ့် နစက ကတော့ ခြောက်လ သက်တမ်းတွေသာ အကြိမ်ကြိမ် တိုးလာခဲ့ပေမယ့် လက်ရှိ အချိန်အထိ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အတိအကျ ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေးပါဘူး။

“ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ မြန်မာ့နိုင်ငံရေးက ခင်ဗျားတို့လည်း သိပါတယ်၊ သတင်းသမားတွေဆိုတော့လေ။ လက်ရှိ အကျဉ်းအကျပ်က လွတ်လပ်ရေးသက်တမ်း ၇၆ နှစ်ကျော်တဲ့ ကာလမှာ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြရတာကိုး။ အဲ့တော့ ဦးမင်းအောင်လှိုင်လည်း သူ့လက်ထဲမှာဆိုတော့ ဘယ်လိုလုပ်ရင် ကောင်းမှာလဲ၊ ဘယ်လို အရွေ့လေးဖြစ်အောင် ရွှေ့ကြရင်ကောင်းမှာလဲဆိုတာ သူလည်း စဉ်းစားမှာပဲဗျ။ သေဆုံးကြတာလည်း အများကြီး ဖြစ်နေကြပြီးပြီ။ ဒါတချက် သူတွေးမယ်ထင်ပါတယ်၊ ဒါ ထင်မြင်ချက်ပါ။ နောက်တချက် ခင်ဗျားတို့ သတိထားမိလားတော့မသိဘူး၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ အာဏာသိမ်းတဲ့ကာလမှာ အကြောင်းကြားတာက နိုင်ငံ အချုပ်အချာအာဏာပေါ့ဗျာ၊ ချောက်ထဲကျဖို့ လက်တလုံးအလို အာဏာသိမ်းလိုက်ရပြီတဲ့။ ဘာကြောင့် ချောက်ထဲကျဖို့ဖြစ်လာတာလဲ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ့ဗျာ၊ ရှမ်းမူကို တင်တဲ့ဥစ္စာရှိတယ်၊ ဖက်ဒရယ်ကြောင့်၊ ဖက်ဒရယ်ဆိုတာ ခွဲထွက်တော့မယ်ဆိုတဲ့ အယူအဆနဲ့ ချောက်ထဲကျခါနီး နိုင်ငံ့အာဏာကို လက်တလုံးအလိုမှာ ယူလိုက်ရတယ်ဆိုတာကို ၆၂ အာဏာသိမ်းပုံမှာ ဒီလိုပဲ မှတ်တမ်းတင် ပြောလာကြတာကိုး။ အခုတကြိမ်က နိုင်ငံ တကယ်ကို ချောက်ထဲကျတော့မယ် ဆိုတဲ့ စစ်ရေး၊ နိုင်ငံရေး ဒီလိုမျိုး သုံးသပ်ကြမယ်ဆိုရင် ဒီ ချောက်ထဲကျခါနီး လက်တလုံးအလိုကနေ ဦးမင်းအောင်လှိုင် ဘယ်လိုကယ်မှာလဲ။ ဖက်ဒရယ်ဆိုတဲ့ စစ်မှန်တဲ့ (ဦးနေဝင်းနဲ့ ပြောင်းပြန်ပေါ့ဗျာ) တကယ်စစ်မှန်တဲ့ ဖက်ဒရယ်နဲ့ နိုင်ငံ ချောက်ထဲကျခါနီးကနေ ပြန်ပြီးတော့ ကယ်တင်မှာလား၊ အားလုံး လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ ပြည်သူတွေရော လိုက်ပါလာနိုင်မှာလား၊ ဒီအတိုင်း လွှတ်ချလိုက်ပြီးတော့ ဒီတိုင်းသွားမှာလား ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ဖြေရမှာဗျ။ နောက်တခု သူ အစည်းအဝေးမှာ ပြောတာလေးတွေ ရှိတယ်။ နိုင်ငံတော်နဲ့ အစိုးရဆိုတာ ခွဲခြမ်းပြီး သူပြောတယ်။ အဲ့ဒါလေးတခု သတိထားဖို့လိုမယ်။ အဲ့တော့ နိုင်ငံတော်ကို အလုပ်အကျွေးပြုကြပါ၊ အစိုးရဆိုတာ အလီလီပြောင်းနေတယ်။ နိုင်ငံတော် ဆိုတဲ့ အတိုင်းအတာ မပြို၊ မပျက်ဖို့က လိုတာကိုးဗျ။ ဒီကာလအထိ ချီတက်လာတဲ့တာလေ။ အဲ့ဒါလေးတခုအပေါ်မှာ နိုင်ငံသားအားလုံးက ဘယ်လို ပူးပေါင်းပြီးတော့မှ နိုင်ငံတော် ဆိုတဲ့ အတိုင်းအတာ ကျန်ခဲ့အောင် ရေရှည် တည်မြဲအောင်ပေါ့ဗျာ။ အစိုးရတွေကတော့ အလီလီပြောင်းမှာပေါ့ဗျာ။ ဖဆပလခေတ်ကနေ အခုထိ ပြောင်းနေကြတာပဲ။ အခုထိလည်း နိုင်ငံတော်အတွက် အစိုးရတွေ လုပ်နေကြတာပဲလေ။ ဆိုတော့ အဲ့ဒီ့နိုင်ငံတော် ဆိုတဲ့ ကဏ္ဍကိုစဉ်းစားတိုင်းမှာ နိုင်ငံသားတဦးက ဘယ်လိုပေးဆပ်ရမလဲ ဆိုတဲ့ တာဝန်ယူရမှု၊ တာဝန်ခံရမှု အဲ့ဒါလေးတွေက အခု ခင်ဗျား တွေးတဲ့၊ ခင်ဗျားမေးတဲ့ မေးခွန်းနဲ့အတူ နိုင်ငံသားတိုင်းက ပြန်စဉ်းစားပြီး ဖြေကြားကြရတော့မယ်။ အခု ချောက်ထဲကျတော့မယ်၊ ဘာချောက်ထဲကျမှာလဲဆိုတာ ခုဏက လက်နက်တွေ၊ ကျည်ဆံတွေ၊ သွေးတွေ၊ မီးတွေ၊ စစ်ဘေးစစ်ဒဏ်တွေနဲ့ ပြိုတာပျက်တာတွေ၊ တကယ့်ကို အတိဒုက္ခရောက်တဲ့ အခြေအနေ။ ဆီးဗီးယားလိုလို၊ လစ်ဗျားလိုလို ဖြစ်နေပြီလေ။ ဒါကြီးကိုပြန်ပြီးတော့ နိုင်ငံတော်ဆိုတဲ့ အတိုင်းအတာနဲ့ ကျွန်တော်တို့ ပြန်ပြီး ထူမတ်နိုင်မှာလဲ။ အဲ့သလိုတွေးရင် တာဝန်ကြီးကြီးမားမားရှိတာပေါ့။ အဲ့ဒါကြောင့် ခင်ဗျားမေးတဲ့မေးခွန်းတွေက ပုဂ္ဂလစေတနာ ပါပါတယ်၊ ကျွန်တော် ဒါတော့သိတယ်။ ဘယ်လို အစိုးရ ဖွဲ့ကြမှာလဲ။ ဒါ မျှော်လင့်ကြတယ်လေ လူတွေက။ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းကို လူထု လိုပြီ။ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်အောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမယ့် ခြောက်လ နှစ်ကြိမ် အစိုးရကို ဘယ်လိုနည်းနဲ့ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်မှာလဲ။ ဒါလေးတွေက အခံကတော့ အားလုံးပြောတဲ့ ရွေးကောက်ပွဲကြီးတခုကို သွားရမှာပဲ။ ဒါမှ ဒီအကျပ်အတည်းက ထွက်ရမှာကိုးဗျ။ အခြေခံဥပဒေက ထွက်ပေါက်ကို ပြောတာပါ။ အဲ့တော့ အားလုံး အဆင်ပြေပါစေပေါ့ဗျာ။ ခင်ဗျားတို့ မျှော်လင့်သလိုဖြစ်ပါစေ။ တိုင်းပြည်လည်း တည်ငြိမ်အေးချမ်းပါစေ။ နိုင်ငံတော်လည်း တည်ငြိမ်အေးချမ်းပါစေ။ နှစ်ပေါင်းများစွာ အဓွန့်ရှည် တည်တံ့ပါစေပေါ့ဗျာ။ ဝိုင်းဝန်းဖေးမ ကူညီကြရမယ့်တာဝန် လူတိုင်းမှာရှိပါတယ်။ နိုင်ငံသားတိုင်းမှာ ရှိပါတယ်” လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs) ကတော့ အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အသွင်ကူးပြောင်းရေး အစိုးရတရပ်အဖြစ် လူအပြောင်းအလဲလုပ်ပြီး ဖွဲ့စည်းလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတချို့လည်း ရှိနေပါတယ်။

ညွန့်ပေါင်းအစိုးရ ဒါမှမဟုတ် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့ခဲ့ရင်လည်း နိုင်ငံ့တည်ငြိမ်ရေးအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရဦးမယ်ဆိုတာကို နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက နားလည်ထားကြပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူတွေအနေနဲ့ ပိုမိုဆိုးရွားတဲ့ လူမှုစီးပွားရေးအကျပ်အတည်းတွေ၊ နယ်မြေမလုံခြုံမှုတွေကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့လည်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ယူဆထားပါတယ်။

“သူတို့ ဘယ်လို ဆက်သွားနိုင်လဲ ဆိုတာကတော့ ရိုးရိုး ဒီတိုင်း သက်တမ်းတိုးပြီးတော့မှပဲ နောက်ခြောက်လကျမှပဲ သူတို့ ပူးပေါင်းရေးလုပ်မလား၊ ဒါမှမဟုတ် အခုကတည်းကပဲ ကြားဖြတ်အစိုးရပုံစံ သွားမလား ဆိုတာကိုတော့ ကျွန်တော်တို့လည်း ဝေခွဲလို့မရသေးပါဘူး၊ ဒါက ပြောရခက်ပါတယ်။ ဒါပေမယ့် ညွန့်ပေါင်းအစိုးရတော့ မဖြစ်နိုင်ဘူး။ ကြားဖြတ်အစိုးရ ပေါ်လာနိုင်တော့ ကံကောင်းပေါ့နော်။ ဘာလို့လဲဆို ရွေးကောက်ပွဲကလည်း ကြားဖြတ်အစိုးရပဲ ဖန်တီးလို့ရမယ်လို့ ကျွန်တော်တို့က မျှော်မှန်းတယ်လေ။ ညွန့်ပေါင်းကတော့ မဖြစ်နိုင်ပါဘူး။ အားလုံး ဘယ်လိုပဲ ပြောနေပေမယ့် မဖြစ်နိုင်ပါဘူး။ ရွေးကောက်ပွဲကတော့ ဒီနှစ်ထဲမှာ ဖြစ်ကောင်းဖြစ်လာနိုင်ချေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း သူတို့အတွင်းမှာရှိတဲ့ လူတွေ မဟုတ်တဲ့အခါကျတော့ ပြောရတာတော့ ခက်ပါတယ်။ ခန့်မှန်းလို့ပဲရမယ်။ ရွေးကောက်ပွဲကလည်း မဖြစ်မနေ သွားရမယ်ဆိုတော့ ကြားဖြတ်အစိုးရကလည်း လိုတော့လိုတယ်၊ ဒါပေမယ့် ဘယ်လိုပုံစံနဲ့ သွားမလဲတော့ မသိဘူးပေါ့နော်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်တခုဖြစ်အောင် ပြောင်းရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော်တို့တော့မြင်တယ်။ ဘာလို့ဆို စီးပွားရေးကလည်း နိုင်ငံရေး ပြောင်းလဲမှုအပေါ်မှာ မူတည်ပြီးတော့ ရပ်တည်နေရတာကိုး။ ဒီတိုင်း စီးပွားရေး သွားလုပ်ရင်လည်း အခက်အခဲတွေ အများကြီးရှိတယ်လေ။ ဒါကြောင့်မို့လို့ နိုင်ငံရေး ပြောင်းလဲမှုကိုတော့ ကျွန်တော်တို့က အမြန်ဆုံး ဖြစ်စေချင်ပါတယ်” လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။

ဒါ့အပြင် နစကအဖွဲ့အစည်းမှာ မူဝါဒ မပြောင်းလဲဘဲ လူအပြောင်းအလဲတွေသာ လုပ်နေတာဟာ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်အတွက် ဘာမှ ထူးခြားမလာနိုင်ဘူးလို့လည်း သူကပြောပါတယ်။

“လူကတော့ ဒီတယောက်ပြီး နောက်တယောက်ပြောင်းနေရင် ဘာမှတော့ ထူးလာမှာ မဟုတ်ဘူးလေ။ အဲ့တော့ မူဝါဒ ပြောင်းလဲမှပဲ အဆင်ပြေမှာ။ သွားရတဲ့ trend ကို ပြောင်းရမှာကိုး။ အဲဒါတော့ ရှင်းရှင်းပြောရရင်တော့ နိုင်ငံရေးဖြစ်စဉ် တခုလုံးကြီးကို ပြောင်းလဲမှရမယ့် သဘောတော့ရှိတာပေါ့။ အရေးကြီးတာကတော့ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကို လျှင်လျှင်မြန်မြန် ဖြစ်စေချင်တယ်။ တပ်ချုပ်ကြီးကလည်း အာမခံချက် ပေးထားတာကတော့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ပြီးသွားရင် ရွေးကောက်ပွဲ လုပ်ပေးမယ်လို့တော့ သူက ပြောနေပြီလေ။ ဆိုတော့ အဲ့မတိုင်ခင်မှာ အစည်းအဝေးကာလတွေဘာတွေ လုပ်ရတဲ့အခါကျတော့ ခြောက်လမတိုင်ခင် အစောဆုံးပေါ့နော်။ ၂၀၂၄ ဒီဇင်ဘာ လုပ်ခဲ့ရင်တောင်မှ ဇွန်၊ ဇူလိုင်လောက်ကို ပြောင်းလဲမှုတွေမလုပ်နိုင်ရင် အခက်အခဲရှိသွားနိုင်တယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်” သူက ပြောပါတယ်။

လက်ရှိမှာ နစက က လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နိုင်ငံရေး အပြောင်းအလဲ သုံးနှစ်ပြည့်တဲ့နေ့မှာ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်း ဗိုလ်ချုပ်တချို့နဲ့ အရပ် ဘက် ဝန်ကြီးတချို့ကို အပြောင်းအလဲလုပ်ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပြီး သက်တမ်း ခြောက်လ ထပ်မံတိုးမြှင့်မှာ ဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ရွေးကောက်ပွဲ ကျင်းပရေးကို အဓိက ဦးတည်လုပ်ဆောင်မှာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေးဆိုင်ရာ သတင်းအယ်ဒီတာဟောင်းတဦးက “တရက်နေ့မှာ လူတွေကတော့ အများကြီး ပြောနေကြတယ်ပေါ့နော်။ တချို့တွေလည်း တော်တော်မျှော်လင့်ထားတာရှိတယ်။ ကြားကာလ အစိုးရဖွဲ့မလားဘာညာနဲ့ ပြောနေကြတာရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့လည်း ပြီးခဲ့တဲ့ခြောက်လ သက်တမ်းတုန်းကလည်း ဘာမှ ထွေထွေထူးထူး အပြောင်းအလဲ မဖြစ်သွားဘူးလေ။ အခု ဒီလာမယ့် ခြောက်လ သက်တမ်းကလည်း အရိပ်အယောင်က အခုထိ ဘာမှမပြသေးဘူး။ ဘာမှမပြသေးဘူးဆိုတာ ပြစရာလည်းအကြောင်းမရှိဘူးဆိုတော့ သူတို့ စီမံအုပ်ချုပ်ရေးကောင်စီထဲက တချို့သော်လည်းကောင်း၊ အစိုးရအဖွဲ့ထဲက ဝန်ကြီးအချို့၊ ဒုဝန်ကြီးအချို့သော်လည်းကောင်းပေါ့။ အဲ့လိုလေးတွေ နည်းနည်းပါးပါး အပြောင်းအလဲလုပ်ပြီးရင် ဒီပုံစံအတိုင်းပဲ ဆက်သွားမယ်လို့တော့ ထင်တယ်။ အများကြီး မျှော်လင့်ထားလို့ မရဘူး။ ဒါပေမယ့် အဲ့ဒီ့မှာ လုပ်ဆောင်ချက်ကတော့ ရွေးကောက်ပွဲအတွက်ကို နည်းနည်းလေးပိုပြီး လုံးပမ်းလာမယ့် အခြေအနေတော့ ရှိလိမ့်မယ်။ လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ၊ ပြီးခဲ့တဲ့ အခြေအနေထက်စာရင်တော့ နောက်ထပ် ခြောက်လသက်တမ်းမှာတော့ ရွေးကောက်ပွဲအသံ ဒီထက် နည်းနည်းပိုပြီး ကြားလာရနိုင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဖြစ်ပွားနေတဲ့ မြောက်ပိုင်း သုံးဖွဲ့ရဲ့ စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့လည်း အဲ့ဒီ့ အခန်းကဏ္ဍဟာ တော်လှန်ရေးနဲ့ ဘာမှ မပတ်သက်ဘူးလို့လည်း သူက ပြောပါတယ်။ ဒါဟာ တရုတ်က သူကိုယ်တိုင် သေနတ် တချက်မှမဖောက်ရဘဲနဲ့ မြန်မာပြည်မှာ နောက်ထပ် နယ်မြေတွေ လာချဲ့ထွင်သွားတာသာ ဖြစ်တယ်လို့လည်း သုံးသပ်ပါတယ်။

“မြောက်ပိုင်း သုံးဖွဲ့ ရထားတဲ့ မြို့နယ်တွေအကုန်လုံးက တရုတ်လက်အောက်ခံ ဖြစ်သွားတာပဲ။ ဘာလို့ဆို သူတို့တွေ အကုန်လုံးက တရုတ်လက်အောက်ခံ တပ်တွေဖြစ်တဲ့အတွက်ကြောင့် တရုတ်ကပဲ သေနတ်တချက်မှ မဖောက်ဘဲနဲ့ သူတို့ကို တိုက်ခိုင်းလိုက်တဲ့ သဘောပဲ။ ဒီ တော်လှန်ရေးနဲ့ပတ်သက်လို့ မြောက်ပိုင်း သုံးဖွဲ့ရဲ့ ဗျူဟာက ဘာမှ ထူးထူးခြားခြား ဖြစ်လာစရာအကြောင်းကို မရှိဘူး။ အဲ့ဒါကို တခြားသူတွေက ဘာဖြစ်တော့မယ်၊ ညာဖြစ်တော့မယ်ဆိုပြီး ထင်နေတာတွေရှိတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း ကြီးကြီးမားမားကြီး ဘာမှ မျှော်လင့်ထားစရာအကြောင်း မရှိဘူးလို့ထင်တယ်။ အဲ့တော့ ပြန်ပြီး ခြုံငုံသုံးသပ်ရရင်တော့ နိုင်ငံ‌ရေးက အရမ်းကြီးပြန်ပြီး ထူးထူးခြားခြား အံ့ဩရလောက်အောင် ပြောင်းလဲသွားတာမျိုး မဖြစ်နိုင်ဘူး။ လူလဲကစားတာမျိုးလောက်ပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသံတွေတော့ ကျယ်ကျယ်လောင်လောင် ကြားလာရနိုင်တယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလောက်ကစလို့ ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကနေ စတင်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံအတွင်းမှာ စစ်ရေးအရှိန်တွေ တိုးမြှင့်လာနေတာဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေဟာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ် စတဲ့ နေရာတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှု၊ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

အခုလို စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေ အရှိန်ဆက်မြင့်တက်နေပြီး နိုင်ငံ့အနေအထားအရ တည်ငြိမ်တဲ့ အချိန်မဟုတ်သေးတဲ့အနေအထားမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခင်းအကျင်းမျိုးလည်း မရှိသေးပါဘူး။ ဒါကြောင့် ရှေ့လာမယ့် နိုင်ငံ့အပြောင်းအလဲ သုံးနှစ်ပြည့်ကာလမှာ မြန်မာ့အရေး ဘယ်လိုရှိလာမလဲ၊ လက်ရှိ ကာလမှာ အပြောင်းအလဲ အလားအလာအပေါ် မတူညီတဲ့၊ ကွဲပြားတဲ့ ခန့်မှန်းချက်တွေ၊ သတင်းစကားတွေ အမျိုးမျိုး ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Photo: VOM /Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW