လေဖျန်းရွက်မြူး ၊ သဇင်ဖူးဝေ…၊ ငွေနှင်းကြွေတော့

 

 

 

 

ဆူးငှက်

 

 

 

““ မြန်ခန်းကျွန်းတွင်း

စံမြန်းရွှန်းလင်း

မှန်နန်းထွန်းဝင်း၊

 

ဘုန်းပန်းကြိုင်သင်း

နှုန်းနှန်းပြိုင်ရှင်း

ထီးစင်းရာနေ

ခွန်းတော်ခြွေ၊

 

ဘွေမန်းစက်ဦး

နွေသန်းယှက်ကူး

လေဖျန်းရွက်မြူး။””

(မြင်းခင်းကြိုး-မြဝတီမင်းကြီး ဦးစ)

 

 

ငွေနှင်းကန့်လန့်ကာ ကျချေပြီ။ အိမ်တံစက်မြိတ်က နှင်းမိုးစက်စက်ကျ၏။ သည်ကြားထဲ မြောက်ပြန်လေက သွေးပြန်သည်။ ဆောင်းသည် ပြာသိုမှာဖြင့် ရဲတင်းလှချေ၏။ ဆောင်းရာသီ၏ အအေးစံချိန်က ပြာသိုမှာပဲ တည်နေခဲ့သည်။ ရေကအေးသည်။ လေက အေးသည်။ နှင်းက အေးသည်။ နေခြည်မှာပင် နုဆဲအချိန်၌ အအေးဓာတ်က စွက်ဖက်နေသေး၏။ ဝန်းကျင်တစ်ခုလုံး အေးပြန်လေတော့ မြေကြီးသည်ပင်လျှင် စိမ့်စိမ့်အေးသတဲ့။ ထို့ကြောင့်လည်း ပြာသိုလ၏ မြေကြီးနှင့် ဖုတ်သောအိုးတွေက အအေးသနေ်္ဓပါလာသည်ဟု အစဉ်အဆက် လက်ခံခဲ့ကြသည်။ နွေရဲခဲ့လို့ ခြစ်ခြစ်တောက်အပူတွင် ပြာသိုအိုး၏ကျောက်စက်အေးရေက အမောအပန်းပြေစေခဲ့သည်ဟု ဆိုစမှတ်ရှိခဲ့သည်။ ထို့ကြောင့် ယနေ့ထက်တိုင် မြန်မာလူမျိုးတွေ၏ အိမ်မှာ ရှိနေဆဲဖြစ်သော သောက်ရေအိုးများ၌ ပြာသိုအိုးဟူသော စံချိန်က တံခွန်ထူထားဆဲဖြစ်သည်။

 

ပြာသိုမှာ မင်းနေပြည်တော်ခေတ်က မြင်းခင်းသဘင်ထင်ရှားသည်။ ပြာသိုလတွင် ရွှေနန်းတော်တွင်း ပွဲချည်းကျင်းပသော မြင်းခင်းသဘင်များနှင့် ပတ်သက်၍ စာဆိုတော်များက သီချင်းဂီတအများအပြား စပ်ဆိုခဲ့ကြသည်။ မြင်းခင်းကြိုးများကမြန်မာ့မဟာဂီတ၏ အဆီအနှစ်များဖြစ်ခဲ့သည်။““ ဘုန်းမိုးရွာ စွေသွန်းဖျန်း၊ရွှေပြည်တော်သာ ငြိမ်းချမ်း”” ဟူ၍ စပ်ဆိုသကဲ့သို့ ““ မြန်ခန်း ကျွန်းတွင်း စံမြန်းရွှန်းလင်း၊ မှန်နန်းထွန်းဝင်း”” ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။ အလားတူ ““ လာချေပြီ၊မြင်းများခေါင်ဘွေမှာလေ၊ဖြိုးမျှ ကဲလွန်း””  ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။ ထို့ကြောင့် အနုပညာရှင်ကြီး မြို့မငြိမ်းကလည်း ရှေးဘုရင်များလက်ထက်က ထင်ရှားခဲ့သော မြင်းခင်းသဘင်များကို ပြန်လည်အမှတ်ရစေသောငှာ မမေ့မလျော့တမ်း သီချင်းတစ်ပုဒ် စပ်ဆိုခဲ့ပြန်၏။

 

““ ငွေနှင်းမှုန်ရီ၊ဝေစီစီ…..၊မြောက်ပြန်လေညှင်း သွင်းတဲ့လရာသီ၊သမယအခါဆီ ပြာသို ခွာညို ညှာစို စိမ်းလဲ့လန်း၊ရွှေနန်းတော်တွင်း လဲ့ဝင်းမူယာပလီ၊သူဇာဒေဝီ တော်ဝင်ပန်းကို လှမ်းလို့ချူရှာသည်…..”” ဟူလို။ ဆက်လက်၍ မြင်းခင်းကြိုးကလာချေပြီဟူသော စာသားကို မူတည်၍လည်း““ လာချေပြီ၊ ပျိုတို့မောင်လည်း၊ သူလည်း လာချေပြီ၊ လာချေပြီ၊ မှုန်မှုန်မဲမဲ လူသူမကွဲတကွဲ၊ နှင်းခဲပြာဝေရီ”” ဟု လည်းစပ်ဆိုခဲ့သည်။ အခုတော့ မြင်းခင်းသဘင်မရှိတော့။ ပါတော်မူပြီးနောက် ကိုလိုနီလက်အောက်တွင် ပြိုင်မြင်းပွဲများကတော့ ရှိခဲ့သည်။ မန္တလေးမှာ မန္တလေးတောင်အနောက်ဘက်က ယခု မန်းတောင်အားကစားကွင်းသည် ထိုစဉ်က မြင်းပွဲများကျင်းပသည့် မြင်းပြိုင်ကွင်းဖြစ်ခဲ့၏။ ရန်ကုန်မှာတော့ ကျိုက္ကစံကွင်းကလည်းမြင်းပြိုင်ကွင်း ဖြစ်ခဲ့သည်ဟု မှတ်သားရသည်။

 

ပြာသိုမှာ မြင်းခင်းသဘင်ကဲ့သို့ ရှေးယခင်အဆက်ဆက်ကတည်းက မင်းသုံးတော်ဝင်အဖြစ် ထင်ရှားခဲ့သည့်အမှတ်အသား တစ်ခုလည်း ရှိခဲ့သည်။ သဇင်ပန်းပဲ ဖြစ်ပါသည်။ သဇင်က တောကြီးမျက်မဲထဲ အပင်မြင့်များပေါ်၌ ရှားပါးစွာပေါက်ရောက်သော ပင်မြင့်စံပန်းဖြစ်သည်။ သို့ ခက်ခဲနက်နဲစွာ ရှာဖွေရသော ပန်းဖြစ်သည့်အတွက် ရှင်ဘုရင်သို့သာ ဆက်သပြီးတော်ဝင်အဆောင်သယောင် သဖွယ် ဖြစ်ခဲ့သည်။ အခုတော့ သဇင်က အဲဒီလောက်မရှားတော့ မျိုးပွား၍ အိမ်မှာပင် စိုက်ပျိုးနေကြပြီ။ အဆက်ဆက် ဂုဏ်ဒြပ်ကြီး မြင့်ခဲ့သော အရှိန်အဝါကတော့ ကျန်နေဆဲဖြစ်သည်။ ထို့ကြောင့် သဇင်သည် ပွဲနေ ပွဲထိုင်များတွင် တခုတ်တရ သတိရကြသော ပန်းဖြစ်သည်။

 

x                                  x                                  x

““တိမ်ခြေငယ်ရှင်းပါလို့ မြူနှင်းငယ်စိုစို

လပြာသိုမှာ . . .

နွယ်ခွာညိုမြိုင်မြိုင်နှင့် လှိုင်လှိုင်သင်းတဲ့ လကိုလေး . . .”” တဲ့။

 

အအေးဓာတ်က နှလုံးသားထဲ စိမ့်ဝင်လာသည်။ ““လင်းပါမှ ပိုအေးလာတယ်”” ဟူသော အသုံးအသပ်က နေ့စဉ်နှင့်အမျှရွတ်နေရ၏။ ဆောင်းရောက်သော်လည်း ဆောင်းမို့ ငြူစူမျက်စောင်းခဲမိသော်လည်း . . . ရင်ထဲမှာက ဆောင်းကို ချစ်နေသည်။ ပရုပ်လုံးနံ့ သင်းနေသည့် လေယာဉ်မောင် အပြာနု ယုန်အမွေးဆွယ်တာလေးကို တမ်းတနေမိသည်။ ပါးပြင်မှတစ်ဆင့် နှလုံးသားဆီအထိ နွေးခနဲ စီးဝင်လာမည့် အသက်ရှူလေငွေ့ငွေ့ကလေးကို သတိရမိနေသည်။ နဖူးဆီမှ ဆံစလေးတွေ ပွတ်သပ်ပင့်တင်လိုက်တော့ ငယ်ထိပ် ဦးရေနားဆီမှာ နှင်းငွေ့ရိုက်အေးစက် ဆံနွယ်မျှင်လှိုင်း အတွေ့အထိကြောင့် ထိတ်ခနဲ ရင်ဖိုကာ လက်ဖျားလေးတွေ ထွေးပွေ့ယူခဲ့ရတာ မှတ်မိနေသည်။ ပင့်သက်ချသံပြင်းပြင်းနှင့်အတူ ယိုင်လဲပြိုလာသော ကိုယ်လုံးလေးက အပူစီးကြောင်းလေးတစ်ခုအဖြစ် ရုတ်ချည်း ပြောင်းလဲ သွားစေ၏။ သြော် . . . နှင်း . . .။

 

 

““မြရည်သာ ကျင်းတော့တယ်။ ကျနှင်းတန်တန်ကို

ဧကနံတောင်နေနှင့် ကုဋေ. ဋေခြုံတော

လေးရုံသာ ပုံပြန်တော့မယ် ခု လုံပဲကို . . .”” တဲ့။

 

 

ဒက္ခိဏယဉ်စွန်းတန်းဆီ ဦးလှည့်တိမ်းစောင်းရင်း မထွက်ချင် ထွက်ချင် ထွက်လာသော နေနုနုကို နှင်းထုကအားနာပါးနာ ဖယ်ခွာ ပေးလေမှ ရွက်ဖျားနှင်းသီးတွေ ဖန်သီးဖွင့် ဝင်းလက်ကြရသည်။ မြောက်လေလေး မရဲတရဲသွေးလေတော့ငှက်ပျောဖက်ဖူးနုပေါ်က ညအိပ်နှင်းဥ ခုန်ဆင်းပြန်၏။

 

“ညအိပ်နှင်းဥ” . . .။ သြော် . . . အားကုန် အနားယူသွားလေသော နက်မှောင်မျက်တောင်ကော့ကြီးတွေမှာရော . . . ““ညအိပ် နှင်းဥ”” လေးတွေ သီးနေပါသေးလားလေ။ သင်းနှင်းဥက မိုးပေါ်က ကျလာတာမဟုတ်လေဘဲ နှလုံးသား ရင်ညွန့်ဆီမှ ဝေဒနာကတွန်းပို့ရုန်း ကန်ရသောကြောင့် “မျက်ရည်” မည်လေ၏။ ဝမ်းသာ မျက်ရည်ပဲ ဖြစ်ပါစေ နှင်းရယ် . . .။

 

 

““ဆန်းသည်ကား

ဖုသျှကြယ်နှင့်

ခန့်တော်သင့်၍ ပွင့်ခွာညိုနှယ်။

ရိုးတံသွယ်နှင့်။

မိုးလယ်ဝေးမှုန် နှင်းဖုံဖုံနှင့် . . .””

 

 

လျော့ရဲပြေလု ခြယ်နံ့သာ အစအနများက ရင်ထဲ စုစည်းဖန်များတော့ အမြုတောဖြစ်လုပြီ။ နွမ်းလျလျက ခံစားဖွယ်အလှပတ်္တမြားပွင့် အဖြစ် “ဥ”နေတာ ကြာမင့်ပေါ့။ လေးတွဲ့ ခြေလှမ်းအစုံကို ဝပ်စင်းမြက်ရွက်တို့ နှင်းရည်ဖြင့် ပွတ်သပ်၏။ နှင်းတောထဲမှာ ခြေဦးတည့်ရာ ပခုံး ချင်းတွန်းတိုက်ရင်း ဖြည်းဖြည်းလေး လမ်းလျှောက်ရတော့ ပိုင်ဆိုင်မှုအသစ် ထုထည်ခိုင်ခံ့လာပြန်၏ ထိုနံရောအခါ . . . နှင်းကို နှုတ်ခမ်းနီ ထပ်မဆိုးစေချင်တော့ပါ . . .။

 

 

““ . . . ခွာပန်းငယ် အခိုင်ခိုင် . . . ဆွတ်ကြိုင်ငယ် လေသွင်း

ချမ်းစေစိမ်းညှင်း၊ ငွေယုန်သီတာ မိုးယံမြင့်မှာ နှင်းငွေလွှာရယ် မှေးတယ်။

သည်းရေမြေ့အေး . . .””

 

 

သည်ကနေ့မနက် မကျစဖူး အကျထူးသော “နှင်း” က ပစ်္စက်္ခတ်မြင်ကွင်းအစုံကို ဝေရီ . . . ပိတ်လှောင်ဖုံးလိုက်တော့၏။ ဒါတွင်မက နှစ် ၂၀ နီးပါး အတိတ်ပုံရိပ်က ““နှင်းလွှာပြင် ပိတ်ကား”” မှာ အရိပ်ထိုး လှုပ်ရှား သက်ဝင် လာစေတော့သည် . . . ။ နှင်းကို ခံစားရ၏။ နှင်းကို ခံစားစေချင်သည်။

 

““သားတို့ သမီးတို့ရေ . . . နှင်းတွေ ကျလိုက်တာလေ၊ ထ ကြည့်စမ်းပါဦးကွယ့်”” ဟု အမောတကော နှိုးလိုက်သောအခါ. . .

““ဖေဖေရယ် . . . အထူးအဆန်းလုပ်လို့ . . . အိပ်ရေး ပျက်ပါတယ်”” တဲ့လေ။

သြော်…သားတို့သမီးတို့ရင်ထဲမှာ…နှင်းအစစ်မှမရှိနိုင်မင့်ပဲဟာ။

 

 

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #လေဖျန်းရွက်မြူး ၊သဇင်ဖူးဝေ…၊ငွေနှင်းကြွေတော့

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW