ဖေဖော်ဝါရီ ၂ – ၂၀၂၄
SN (VOM)
ပဲခူးတိုင်း (အရှေ့ခြမ်း)၊ ညောင်လေးပင်ခရိုင်အတွင်းက စစ်ရှောင်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။
ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ ပိုမို ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်အရေအတွက်တွေ တိုးလာနေတာဖြစ်ပြီး လက်ရှိမှာတော့ နှစ်သိန်းလေးသောင်း ရှစ်ထောင်ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
“အခုတလော မိုးတွေကလည်း ရွာနေတာဆိုတော့ တောထဲတောင်ထဲမှာ နေရာထိုင်ခင်း အမိုးအကာတွေလည်း မရှိကြဘူး။ အဲ့ဒါ့အပြင်ကိုမှ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ ရာသီဥတုကလည်း နေပူလိုက်၊ မိုးရွာလိုက်၊ အေးလိုက်နဲ့ဆိုတော့ ကျန်းမာရေး မကောင်းတဲ့ သူတွေလည်း ရှိတယ်။ အဲ့ဒီ့အတွက် လုံလောက်တဲ့ ဆေးဝါးတွေလည်း မရှိသေးဘူး။ မိုးကလည်း ဒီလထဲ ဆက်ရွာဖို့ ရှိနေသေးတယ် ဆိုတော့ စစ်ရှောင်တွေအတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” လို့ ဒေသခံလူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ဖိုးသောင်းစု၊ မျက်ရဲကရင်၊ မျက်ရဲဗမာ၊ ကျွန်းကုန်း၊ ဦးသျှစ်ခင်၊ ငလောက်တိုက်၊ သစ်ချဆိပ်၊ ဇီးကုန်း၊ ဆင်ဆိပ်တောပု၊ ရွှေပြည်သာ၊ တိုပင်ရွာ၊ ညောင်ပင်သာရွာ၊ ကြက်တက်ညောင်ပင်သာရွာ၊ ကရင်ကြရွာ၊ ယောက်သဝရွာ၊ လှည်းလမ်းကူး၊ တလအိုင်ရွာ၊ ကျောက်ကြီးဘက်ကမ်းရွာ၊ နှောတောရွာ၊ မဲဖလန်၊ သရက်တန်း၊ သမန်းကျင်းရွာ၊ ဘွာအိမ်စုနဲ့ မိကျောင်းခေါင်းရွာ အစရှိတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ထွက်ပြေးနေကြရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်းပါတယ်။ ဘာတခုမှ မယူနိုင်ဘဲ အဝတ်တထည်ကိုယ်တခုနဲ့ ကိုယ်လွတ်ရုန်းပြေးကြရတာ။ တောထဲတောင်ထဲ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက် ကူညီနိုင်ဖို့လည်း ခက်နေတယ်။ နစက က စားနပ်ရိက္ခာသယ်ယူတာတွေကိုလည်း ကန့်သတ်နေတော့ ပိုဆိုးနေတာပေါ့။ အခုတော့ ရှိတာလေးနဲ့ ချွေတာ စားသောက်နေကြရတယ်။ ကျန်းမာရေးမကောင်းကြတဲ့သူလည်း ရှိကြတယ်” လို့ နောက်ထပ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ များပြားလာတာကြောင့် ဒေသခံ အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့ ကူညီပေးနိုင်မှုတွေ နည်းပါးလာနေတယ်လို့လည်း သူက ပြောပါတယ်။
ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ (၃) မူး (မုန်း) မြို့နယ်ထဲက အုပ်ဖြတ်ရွာ၊ ကရင်ကျရွာ၊ သမန်းကျင်းရွာ၊ ကြက်တက်ညောင်ပင်သာရွာတို့နားမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၇)၊ (၈)၊ (၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (K.N.D.O) တပ်ရင်း (၃)၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နစကတပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၉ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် အိုးအိမ်တွေ ထိခိုက်ပျက်စီးတာတွေရှိပေမယ့် စာရင်းအတိအကျ ရရှိနိုင်ဖို့တော့ ခက်ခဲနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo Crd: Original Uploader