ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ကားသုံးဆင့်တိုက်မိပြီး လူနှစ်ယောက်သေဆုံး ၊ ခုနှစ်ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၁၀ ၊ ၂၀၂၄
SP ( VOM)
ဒီကနေ့ မနက်အစောပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅၈ / ၅ နေရာနားမှာ ကားနှသုံးစီးတိုက်မိပြီး ကားပေါ်မှာလိုက်ပါလာတဲ့ လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက် ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ကူညီပေးခဲ့တဲ့ ပရဟိတသမားတယောက်က
” ကားသုံးဆင့်တိုက်မိတယ် ၊ တိုက်မိတဲ့ကားတွေက Toyota RAV 4 ကား ၊ Super Custom ကား ၊ Toyota Caldina ကားတွေဖြစ်တယ် ၊ Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား သုံးယောက် ၊ အမျိုးသမီး သုံးယောက် ၊ ပေါင်း ခြောက်ပါတယ် ၊ အဲ့ဒီ ကားထဲက အမျိုးသား တယောက်သေဆုံးပြီး လေးယောက် ဒဏ်ရာရတယ် ၊ နောက်ပြီး Super Custom အဖြူရောင် ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား တယောက် သေဆုံးပြီး ၊ နှစ်ယောက် ဒဏ်ရာရတယ် ၊ အဲ့ဒီအပြင် Toyota Caldina (လိမ္မော်ရောင်) ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရတယ် ၊ အားလုံး သေဆုံးသူ နှစ်ယောက်ရှိပြီး ၊ ဒဏ်ရာရသူ ခုနှစ်ယောက်ရှိတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အမြန်လမ်း ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေအပြင် ဆွာ လူမှုကူညီရေးအသင်းနဲဲ့ မြို့သစ် လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်တွေနဲ့ တောင်ငူပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် ၊ ညနေ ၅ နာရီဝန်းကျင်က မန္တလေးတိုင်း တံတားဦးမြို့နယ်၊ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၇/၂ ဖာလုံ နဲ့ ၃ ဖာလုံကြားမှာ ကား ၂ စီးတိုက်မိပြီး လူ ၂ ဦး သေဆုံးကာ ၊ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်က အမြန်လမ်းမှာ ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
” မန္တလေး – ရန်ကုန် လမ်းဟောင်းမှာက ထိတွေ့တိုက်ခိုက်တာတွေ ၊ လမ်းတံတားတချို့ မိုင်းခွဲဖျက်ဆီးခံရတာတွေ ဒီရက်ပိုင်းမှာ ​မကြာခဏဖြစ်တယ် ၊ အဲ့ဒါကြောင့် ခရီးသွား အများစုက ရန်ကုန် မန္တလေး ကားလမ်းဟောင်းပိုင်းကို အသုံးပြုမှုနည်းလာတယ် ၊ အဲ့ဒီ အပြင် ရန်ကုန် မန္တလေး အမြန်လမ်းပိုင်းကို အသုံးပြုတဲ့ ယာဥ်အစီးရေ ပိုများတယ် ၊ အဲ့ဒါကြောင့် အမြန်လမ်းပိုင်းမှာ မကြာခဏ ယာဥ်မတော်တဆမှုတွေ ဆက်တိုက်ဆိုလို ဖြစ်လာတယ် ၊ လေ့လာရမိသလောက် ယာဥ်တိုက်မှုဖြစ်စဥ်တွေမှာ ကားကြံ့ခိုင်မှုကြောင့် ဖြစ်ကတာထက် ယာဥ်မောင်းအိပ်ငိုက်တာတွေကြောင့် အဖြစ်များတယ် ” လို့ အမြန်လမ်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါသေးတယ်။
ဓာတ်ပုံ ၊ အမြန်လမ်း မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW