မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဖောက်ခွဲဖို့ အသင့်ထောင်ထားတဲ့ မိုင်း အလုံး ၃၀ ကျော်တွေ့

ဖေဖော်ဝါရီ ၊ ၁၃ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ နတ်ရေကန်ကျေးရွာအနီး မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဖောက်ခွဲဖျက်ဆီးဖို့ အသင့်ထောင်ထားတဲ့ မိုင်းအလုံး ၃၀ ကျော်ကို မနေ့ ဖေဖော်ဝါရီ ၁၂ ရက်က နစက လုံခြုံရေးအဖွဲ့တွေက ရှင်လင်းဖယ်ခဲ့ရပြီး အဲ့ဒီ ချောင်းဦးမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ နတ်ရေကန်ကျေးရွာနေ ဒေသခံတယောက်က ” မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ လက်လုပ်မိုင်းမျိုးစုံ အလုံး ၃၀ ကျော်ထောင်ထားတယ် ၊ လမ်းရဲ့ လမ်းလယ်မျဉ်းပေါ်မှာ တည့်တည့် ထောင်းထားတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၃ အထိ သုံးနှစ်အတွင်း မန္တလေး မုံရွာ ကားလမ်းမှာ လမ်းပေါ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေ ၁၀၀ ရာကျော်ဖြစ်ပွားခဲ့တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုတွေကြောင့် ခရီးသွား ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ မိုင်းတွေ ထောင်ထားတာနဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ နတ်ရေကန်ကျေးရွာနားက မန္တလေး မုံရွာ ကားလမ်းပေါ်မှာ မိုင်းတွေထောင်ထားတယ်လို့ သတင်းရလို့ သွားရောက်ရှင်းလင်းခဲ့တာဖြစ်တယ် ၊ လက်လုပ်မိုင်း ၃၀ လုံး ၊ ၁၂ ဗို့ ဘက္ထရီ ၂ လုံး ၊ ကီးပတ်ဖုန်း ၁ လုံး ၊ ရီမုခလုပ် ၁ ခု ၊ ဝါယာကြိုးမျိုးစုံ ကိုက် ၅၀၀ သိမ်းဆည်းရမိတယ် ၊ အဲ့ဒီ အပြင် မနေ့မနက်ပိုင်းက ချောင်းဦးမြို့နယ် ၊ကံကြီးကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီနေရာမှာ အမျိုးသား နှစ်လောင်းနဲ့ လက်လုပ်သေနတ် နှစ်လက် သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ဒီရက်ပိုင်းအတွင်း မန္တလေး မုံရွာကားလမ်းမှာ သွားလာနေကြတဲ့ ခရီးသွားတွေအနေနဲ့ အခူးသတိထားသွားကြဖို့ မုံရွာခရိုင်ယာဉ်စည်းကမ်း လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီက အကြံပြုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းကလည်း ခင်ဦးမြို့ ၊ မြို့လယ်လမ်းတွေပေါ်မှာ မိုင်းတွေခင်းထားတာကြောင့် အဲ့ဒီ မိုင်းတွေကိုရှင်းလင်းရင်း ပေါက်ကွဲမှုဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW