ကလေးဝမြို့နယ် ဆင်အိုင်မ ပြည်သူ့စစ်ရွာမှာ တိုက်ပွဲတွေဖြစ်ပွား ၊ မဟာမြိုင် ကားလမ်းမှာ ယာဥ်အသွားအလာ မရှိဖြစ်နေ

 

ဖေဖော်ဝါရီ ၊ ၂၀ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်း ၊ မဟာမြိုင်တောထဲမှာ ရှိတဲ့ ၊ အောင်ချမ်းသာကျေးရွာအုပ်စု ၊ ဆင်အိုင်မ ပြည်သူ့စစ်ကျေးရွာကို ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်ကစလို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မဟာမြိုင် ဒေသခံ တယောက်က ” ဆင်အိုင်မရွာဘက်က ပြည်သူ့စစ်စခန်းမှာ ဒီမနက် အစောပိုင်း ၁ နာရီကတည်းက တိုက်ပွဲစဖြစ်တယ် ၊ မနက် ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းပစ်ခတ်မှုတွေ ပါလာတယ် ၊ ဒီမနက် မိုးလင်းတော့ တိုက်ပွဲက ငြိမ်သွားတယ် ၊ ဆင်အိုင်မရွာနားက တောစပ်တွေထဲမှာ သေဆုံး ရုပ်အလောင်း အများအပြားနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ​သိရတယ် ၊ နယ်မြေရှင်းလင်းနေဆဲ ဖြစ်တာကြောင့် သေဆုံးသူ ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်း အရေအတွက် မသိရသေးဘူး ၊ နောက်ပြီး မဟာမြိုင်ကားလမ်းမှာ မင်းကင်းမြို့နယ် ၊ ပျဥ်းကိုင်ရွာကနေ ကလေးဝမြို့နယ် ၊ အောင်ချမ်းသာရွာအထိ မိုင် ၂၀ ကျော် လမ်းပိုင်းမှာ အသွားအလာ မရှိတော့ဘူး ၊ မဟာမြိုင်ထဲက ခန္တီးဗျူဟာလမ်းဘက်မှာလည်း ကိုးတန်ချောင်းဘက်ကနေ လမ်းတွေပိတ်ထားတယ် ” လို့ ပြောပါတယ်။

မဟာမြိုင်တောထဲမှာရှိတဲ့ အောင်ချမ်းသာရွာခံတယောက်က ” ဒီမနက်ပိုင်းကစလို့ အတက်ကားရော အဆင်းကားတွေပါ အသွားအလာမရှိဘူး ၊ မနက်က ဆင်အိုင်မရွာနားမှာတိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲကြောင့် မဟာမြိုင်လမ်း အသွားအလာ မရှိတာဖြစ်နိုင်တယ် ၊ လမ်းပိတ်ထားတာတော့ မရှိဘူး ၊ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၉ ရက်မနက်ပိုင်းက အဲ့ဒီ ဆင်အိုင်မရွာဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ် ၊ အဲ့ဒီတုန်းက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ဝင် ၂၈ ယောက် အသတ်ခံရတယ် ၊ နောက်ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်ရမိတာ ဖြစ်ဖူးတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းက ၊ ကလေးဝမြို့နယ် ၊ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ၊ မဟာမြိုင်တောအစပ်မှာရှိတဲ့ မစိန် နယ်မြေရဲစခန်းကို ဒေသတွင်း လက်နက်ကိုင် PDF တွေက တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်သေဆုံးပြီး ရဲစခန်းကျဆုံးကာ လက်နက်ခဲယမ်းတွေ ပါသွားတဲ့ ဖြစ်စဥ်လည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်က ကလေးဝမြို့နယ် ၊ တုန်နန်းကျေးရွာအုပ်စု ၊ မန်လုံကျေးရွာမှာရှိတဲ့ အခြေခံပညာ မူလတန်းလွန်ကျောင်းက ကျောင်းကော်မတီဝင်တွေ အပါအဝင် ဆရာ ဆရာမ အယောက် ၃၀ ကျော်ကို ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW