မြန်မာကို ဝင်ရောက်မယ့် ပြည်ပခရီးသွားတွေ ဝင်ထွက်ဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုခံယူရမယ်

ရန်ကုန်၊ မတ် ၁ – ၂၀၂၄
GG (VOM)

မြန်မာနိုင်ငံကိုလာရောက် မယ့် ပြည်ပ ခရီးသွားဧည့်သည်အားလုံး သက်ဆိုင်ရာ ဂိတ် ဝင်ပေါက်တွေ မှာ ကျန်းမာရေး စစ်ဆေးမှုခံယူမှုကို ဒီကနေ့မတ်လ ၁ ရက်နေ့ကစပြီး ပြန်လည်လုပ်ဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။

ဒါကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ် အပြင် ရေကြောင်းခရီးစဉ် နဲ့ နယ်စပ် ဝင်ထွက်ဂိတ်က တဆင့် မြန်မာနိုင်ငံကို ဝင်ရောက်မယ့် ခရီးသွားအားလုံး မြန်မာနိုင်ငံကို ဆိုက်ရောက်ချိန်မှာ သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိတွေက ဆောင်ရွက်မယ့် ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ လိုအပ်သောကျန်းမာရေး စစ်ဆေးခြင်းကို ခံယူရမှာဖြစ်တယ်လို့သိရပါတယ်။

” အရင်ကိုဗစ်တွေ ဖြစ်ပွားတာ လျော့တော့ ခရီးသွားတွေကို ကိုဗစ်ဆိုင်ရာစစ်ဆေးမှုတွေကို ရပ်ထားတာ ကြာပြီ၊ ခုပြန်လုပ်တဲ့သဘောပေါ့ ၊ ကျန်းမာရေးနဲ့ လဝက ပေါင်းလုပ်တာပေါ့၊ ဆရာတို့ဘက်ကတော့ ခရီးသွားကဏ္ဍဆက်စပ်သူတွေကို သတင်းဖြန့်ဝေပေးတာအသိပေးတာလုပ်တာပေါ့ ” လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာ၊ ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတယောက် ကပြောပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားခရီးသည်တွေထဲကမှ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ (ကိုဗစ်-၁၉ ရောဂါအပါအဝင်) ဖြစ်ပေါ်လာပါက ကုန်ကျစရိတ်ကို မိမိစရိတ်ဖြင့် ကျခံကြ ရ မှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ မှာနေထိုင်စဥ်အတွင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက ခရီးသွားတွေ အနေနဲ့ မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနကို သတင်းပေးပို့ရမှာဖြစ်သလို သက်ဆိုင်ရာကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်ကိုလည်း တိကျစွာ လိုက်နာရမှာ ဖြစ်ကြောင်း ၊ အကယ်၍ လိုက်နာဖို့​ပျက်ကွက်ခဲ့ပါက ဥပဒေအရအရေးယူ ဆောင်ရွက်ခြင်းခံရမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာကိုဝင်ရောက်မယ့် ခရီးသွားတွေကို ကျန်းမာရေး စစ်ဆေးမှုပြန်လည်လုပ်ဆောင်တာဟာ မြန်မာနိုင်မှာ ကိုဗစ်ရောဂါကူးစက်ခံရမှုက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်ကနေ ဖေဖော်ဝါရီ ဒုတိယပတ်အထိကို ကိုဗစ်ဖြစ်ပွားသူ ၂၀၀ နီးပါးအထိရှိလာတာကြောင့် ခုလိုကျန်းမာရေးစစ်ဆေးမှုပြန်လုပ်လာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေနဲ့က အလည်အပတ်ခရီးစဥ်အဖြစ်ဝင် ရောက်သူ အလွန်နည်းပြီး စီးပွားရေးကိစ္စအတွက် ဝင်ရောက်သူလောက်သာရှိနေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံကို ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မြန်မာမှာ ကိုဗစ်စတင်ဖြစ်ပွားတဲ့အချိန်ကတည်းက ခရီးသွားဝင်ရောက်မှုရပ့်တန့်ခဲ့ပြီး အဲ့ဒီ နောက် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နယ်မြေအေးချမ်းမှု မရှိလို့ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု အလွန်နည်းပါးနေဆဲဖြစ်ပါတယ်။

Photo Crd :Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW