မတ် ၊ ၄ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ကောလင်းခရိုင် ၊ ကောလင်းမြို့နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နစကတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကောလင်းမြို့နဲ့ ပင်လည်ဘူးမြို့တွေမှာ ဘာတွေဆက်ဖြစ်နေသလဲဆိုတာ သိရဖို့ VOM က အဲ့ဒီဒေသက လူတွေနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ကောလင်းမြို့ခံတယောက်က
” ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ကောလင်းမြို့ပေါ် တိုက်ပွဲတွေစဖြစ်တယ် ၊ အဲ့ဒီနောက် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မြို့ကို ထိန်းချုပ်ထားတယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နောက်ပိုင်း နစက စစ်ကြောင်းတွေက မြို့ပေါ်ကိုဝင်ရောက်လာပြီး ဒုတိယအကြိမ် တိုက်ပွဲတွေပြန်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြောင့် မြို့ခံလူထု ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အခုထိ အိမ်မပြန်ရသေးဘူး ၊ နောက်ပြီး မြို့ပေါ်မှာတိုက်ပွဲတွေဖြစ်တာကြောင့် နှစ်ဘက်ပစ်ခတ်မှုတွေကြားမှာ နေအိမ်တွေနဲ့ အဆောက်ဦးအများစု ထိခိုက်ပျက်စီးတယ် ၊ အဲ့ဒီအပြင် လက်နက်ကြီးကျည်တွေ ထိမှန်ပေါက်ကွဲတာကြောင့် မြို့ရဲ့ လူနေအိမ် အဆောက်ဦး သုံးပုံ ၊ နှစ်ပုံလောက် ပျက်စီးသွားတယ် ၊ အ ပျက်စီး အများစုကတော့ မီးလောင်ကုန်တာဖြစ်တယ် ၊ နောက်ပြီး ကောလင်းမြို့မှာ အခုထိ စျေးတွေပြန်မဖွင့်ဘူး ၊ အဲ့ဒီအပြင် အောင်ရတနာ ၊အာကာမန်း ၊ ရွှေနိုင်ငံ ၊ ရွှေကြယ်စင် ၊ ရတနာဦး ၊ ရွှေဥဒေါင်း ၊ သန်မြန်သူ ၊ ကျော်ကမ္ဘာ ၊ ရွှေမြို့တော် စတဲ့ကားအသင်းပေါင်း ကိုးသင်းရှိတယ် ၊ အဲ့ဒီကားသင်းတွေလည်း တသင်းမှ အခုထိ ပြန် မထွက်နိုင်သေးဘူး ၊ နောက်ပြီး ကောလင်းနယ်မှာ စက်သုံးဆီ အရောင်းဆိုင်ကြီးပေါင်း ခုနှစ်ဆိုင်ရှိတယ် ၊ အဲ့ဒီ ဆီဆိုင်တွေအားလုံး အခုထိ ပိတ်ထားတယ် ၊ ဒေသတွင်း ဆီပြတ်လပ်မှုတွေက ဒီကနေ့အထိ ရှိနေတယ် ၊ အခုဆိုရင် မြို့ပေါ်မှာ တိုက်ပွဲတွေကျဲသွားပေမယ့် မြို့ပေါ်မှာ လူနေထိုင်တာ မရှိသလောက်ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မြို့ပေါ်မှာ ဆွမ်းလောင်းလှူမယ့်သူ မရှိသလောက်ဖြစ်နေတဲ့အတွက် မြို့ပေါ်က ဘုန်းကြီးကျောင်း ၁၅ ကျောင်းလောက်မှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတွေ မရှိကြတော့ဘူး ၊ အဲ့ဒီ အပြင် ငွေကြေးကိစ္စမှာလည်း မြန်မာ့စီးပွားရေးဘဏ် ၊ ကမ္ဘောဇဘဏ် ၁ နဲ့ ၂ ၊ ကမ္ဘာ့ရတနာဘဏ် ၊ ထွန်းဖောင်းဒေရှင်းဘဏ် ၊ရှေ့ဆောင်ဘဏ် ၊ ဧရာဝတီဘဏ်ဆိုပြီး ဘဏ် ခုနှစ်ခုရှိတယ် ၊ အဲ့ဒီဘဏ်တွေအားလုံး ပြန်ဖွင့်နိုင်တာမရှိဘူး ၊ ဘဏ်တွေ ပြန်မဖွင့်နိုင်တာကြောင့် ငွေကြေး စီးဆင်းမှုဟာ ကောလင်းမှာ ရပ်တန့်သလောက်ဖြစ်နေတယ် ၊ အငြိမ်းစား ဝန်ထမ်းတချို့ဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာကစလို့ ဒီနှစ် ဖေဖော်ဝါရီအထိ ပင်စင်လစာ မထုတ်ရလို့ အခက်တွေ့နေကြတယ် ၊ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိတယ် ၊ အရင်က ကောလင်းနယ်တခုလုံးမှာ လူမှုကူညီရေး ပရဟိတ အသင်းအဖွဲ့ပေါင်း ၁၄ ခုရှိတယ် ၊ အဲ့ဒီ ၁၄ သင်းလုံး အသင်းလုပ်ငန်းတွေ နားထားကြတယ် ” လို့ပြောပါတယ်။
လာမယ့် မတ်လ ၁၀ ရက်နောက်ပိုင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲတွေဖြေဆိုရတော့မှာဖြစ် ေပမယ့်ဖြေဆိုဖို့ အသင့်မဖြစ်သေးပါဘူး။ ကောလင်းနယ်မှာ အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်းနဲ့ တွဲဘက် အထက်တန်းကျောင်း ရှစ်ကျောင်း ၊ စုစုပေါင်း ၁၆ ကျောင်းရှိပြီး အရင်နှစ်တွေက ဆယ်တန်းကျောင်းသား တသောင်းဝန်းကျင် စာမေးပွဲ ဖြေဆိုတယ်လို့သိရပါတယ်။ ဒီနှစ်တော့ ကောလင်းနယ်မှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုဖို့ အခက်ခဲတွေရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ခံတယောက်က
” ပင်လည်ဘူးမြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြောင့် စျေးနဲ့ ကျောင်းတွေအပြင် ဌာနဆိုင်ရာရုံးအားလုံး ပိတ်ထားကြတယ် ၊ နောက်ပြီး နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် မြို့ရဲ့ အဆောက်ဦးတွေ ၇၀ ရာခိုင်နူန်းလောက်ပျက်စီးကုန်တယ် ၊ အဲ့ဒီ အပျက်စီးတွေကြားမှာ ပုတ်ပွနေတဲ့ ရုပ်အလောင်းတချို့ တွေ့ရတယ် ၊ အဲ့ဒီလို ဘာကြောင့်ဖြစ်လဲဆိုရင် တိုက်ပွဲတွေကြောင့် ပရဟိတသမားတွေနဲ့ လူမှုကူညီအဖွဲ့တွေဟာ ယာယီရပ်နားထားကြလို့ ဖြစ်တယ် ၊ အခုချိန်မှာက မြို့ပေါ်မှာ လူမရှိတော့သလို ရှိတဲ့လူတွေကလည်း အိမ်ပြင်မထွက်ရဲတော့ဘူးဖြစ်နေတယ် ၊ ပင်လည်ဘူးမြို့မှာ ဒီကနေ့အထိ ကားအဝင်အထွက်ဆိုတာ မရှိဘူး” လို့ ပြောပါတယ်။
ဒီရက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲတွေဖြစ်တာဟာ ကောလင်းနဲ့ ပင်လည်ဘူးမြို့နယ် နှစ်ခုတည်းဖြစ်တာမဟုတ်ပါဘူး ၊ တန့်ဆည် ၊ ထီးချိုင့် ၊ ကလေးမြို့နဲ့ ကနီမြို့နယ်တွေဘက်မှာလည်း တိုက်ခိုက်မှုတွေ ပြင်းထန်နေလို့ ေဒသခံေတွ ဘေးလွတ်မယ်ထင်တဲ့နေရာတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။