ပြစ်မှုကျခံနေရဆဲ နိုင်/ ကျဥ်း တချို့ နောက်ထပ်အမှုတွေ ထပ်တိုးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရ

 

မတ် ၊ ၅ ၊၂၀၂၄

TT(VOM)

နိုင်ငံအဝှမ်း အကျဥ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား (နိုင် / ကျဥ်း)တချို့ဟာ မူလ ကျခံနေရတဲ့ ပြစ်မှု ပြစ်ဒဏ်တွေအပြင် နောက်ထပ်အမှုတွေ ထပ်တိုးခံနေရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းတယောက်က

” ပြီးခဲ့တဲ့ ၂၀၂၃ ကစလို့ ပြစ်ဒဏ်ကျ နိုင်/ ကျဥ်းတွေအပေါ် အမှုတွေ နောက်တိုးဖွင့်ခံရတယ် ၊ နောက်ထပ်ဖွင့်တဲ့ အမှုတွေကို အရေးယူတဲ့အခါ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတယ် ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် နိုင် / ကျဥ်း ၇၀ ကျော်လောက် အဲ့ဒီလို ချမှတ်ခံနေရတယ် ၊ဒါ့အပြင် အင်းစိန်အကျဥ်းထောင်းမှာ ပုဒ်မ ၅၀၅ – က နဲ့ ပြစ်ဒဏ် သုံးနှစ် ၊ နိုင်ငံသားစီစစ်ရေး ကဒ်ပြားအတုကိုင်ဆောင်မှုနဲ့ ပြစ်ဒဏ် နှစ် နှစ် ၊ ပြစ်ဒဏ်နှစ်ရပ်ပေါင်း ထောင်ဒဏ် ငါးနှစ် ကျခံနေရတဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ၊ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို နောက်ထပ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည နဲ့ ထောင်ဒဏ်ဆယ်နှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ ချလိုက်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလထဲက နိုင်ငံတဝှမ်းမှာရှိတဲ့ နိုင်/ ကျဥ်း တချို့ မူလပြစ်မှုတွေအပြင် အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ရော အကျဥ်းထောင် လက်စွဲ ဥပဒေအရပါ နောက်ထပ်အမှုတွေ တိုးမြင့်ချထားခံရတယ်လို့ သိရပါတယ်။

အဲ့ဒီလို နိုင်/ ကျဥ်းတွေအပေါ် နောက်ထပ် အမှုဖွင့်အရေးယူခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သိရတာက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၈ ရက်ကနေစလို့ ၁၁ ရက်အထိ ထောင်တွင်း အစာအငတ်ခံ ဆန္ဒပြသူ နိုင် / ကျဥ်း ၊ အကျဥ်းသာတွေကို ထောင်အာဏာပိုင်တွေကနေ ထပ်တိုး နောက်အမှုေတွနဲ့ အရေးယူထားတယ်လို့ မုံရွာ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ပေးတဲ့ အသိုင်းအဝိုင်း ဆီက သိရပါတယ်။

” အစာအငတ်ခံ ဆန္ဒပြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၅၀၅ – က နဲ့ အမှုဖွင့် အရေးယူထားတဲ့ ကို၀င်းကျော်ခေါင်၊ ကိုဆန်းမြင့်လွင်၊ ကိုပြည်စုံဖြိုး၊ ကို၀င်းခန့်ကို၊ ကိုဘုန်းမြင့်ကျော်၊ ကိုညီဟိန်း၊ ကိုသန်းဝေလွင်၊ ကိုခိုင်မြဲကျော်၊ ကိုစည်သူမောင်၊ ကိုမျိုးဆက်မောင်၊ ကိုသူရိန်မြင့်၊ ကိုဝေယံထွန်း၊ ကိုကောင်းထက်၊ ကိုမျိုးမင်းထွန်း၊ ကိုသူရိန်၀င်း၊ ကိုထက်နိုင်လင်း၊ ကိုနိုင်မှူး အဲ့ဒီ ၁၄ ယောက်ကို ထပ်တိုး နောက်မှုတွေနဲ့ အရေးယူခံရတာဖြစ်တယ် ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ နိုင် / ကျဥ်း ၁၄ ယောက်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၇ နဲ့ အမှုဖွင့် အရေးယူခံရတာဖြစ်ပြီး အကျဥ်းထောင် အရာရှိ တဦးက အဲ့ဒီ အမှုကို တရားလိုပြုလုပ် တိုင်တန်းခဲ့တာကြောင့် တရားခွင်မှာ တရားစွဲဆိုထားဆဲ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

” ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတုန်းက ပါဝင်ခဲ့တဲ့ အခြားနိုင် / ကျဥ်းတွေဖြစ်တဲ့ ကိုဝေမိုးနိုင်၊ ကိုဘုန်းမြင့်အောင်၊ ကိုမိုးကျော်ထက်၊ ကိုနေဇင်ငြိမ် ထက်၊ ကိုနေဆန်း၊ ကိုချမ်းငြိမ်းအောင်၊ ကိုရဲရင့်သူ၊ ကိုကျော်စိုးအေး၊ ကိုအောင်သူဟိန်း တို့ ကိုးဦးကိုလည်း ထောင်တွင်း ပြစ်ဒဏ်လျှော့ရက် တနှစ်ပိတ်ပင်တယ်လို့ ကြားရတယ် ၊ ဆန္ဒစပြရတဲ့ အကြောင်းအရာက နိုင် / ကျဥ်းတွေရဲ့ စားသောက်စရာတွေ အပြင် စာအုပ်စာတမ်းတွေကို ထောင်အာာပိုင်တွေက သိမ်းဆည်းသွားလို့ ဆန္ဒပြကြတာဖြစ်တယ် ” လို့ နိုင် / ကျဥ်း မိသားစုဝင် တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ထောင်တွင်း ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အကျဥ်းထောင် ဝန်ထမ်းတချို့ ဌာနတွင်း အရေးယူတာတွေ ကြားသိရတယ်လို့ နိုင် / ကျဥ်း မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ကလည်း ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ၊ ပုသိမ်အကျဥ်းထောင်မှာ ၊ နိုင် / ကျဥ်း ၆၂ ဦးဆန္ဒပြရာကနေ ၊ နောက်မှုကပ်ပြီး ရုံးထုတ်တယ်လို့ သိရပါတယ် ၊ အဲ့ဒီထဲက ထောင်ဝန်ထမ်းတွေကို ပြန်လည်ခုခံတယ်ဆိုတဲ့ နိုင် / ကျဥ်း ၁၆ ယောက်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရ တရားစွဲတယ်လို့ သိရပါတယ် ၊ နောက်ပြီး ကျန်တဲ့ ၁၇ ယောက်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၃၃၂ အရ တရားစွဲပြီး ၊ အဲ့ဒီ ၃၇ ယောက်ကို တရားရုံးက ထောင်ဒဏ် ခြောက်နှစ်စီ ချလိုက်တယ် ” လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ အမိန့်ချခံရတဲ့ အကျဥ်းသား ၃၇ ယောက်ဟာ မူလပြစ်မှုတွေဖြစ်တဲ့ ၅၀၅ – က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတွေနဲ့ တရားရုံးမှာ တရားရင်ဆိုင်နေရဆဲ သူတွေပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၅ ရက်က စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ ကလေး အကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ လူငယ် လေးယောက်ကို ကလေး အထူးတရားရုံးကနေ နောက်ထပ် ပြစ်ဒဏ်တွေ တိုးမြင့်ချလိုက်တယ်လို့ ကလေးမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၃ သင်္ကြန်ကာလမှာ တော်လှန်သင်္ကြန်ဆိုပြီး ကိုသန်းစိုးဦး ၊ ကိုမျိုးကိုဝင်း ၊ မကျိန်ဒွန့်ကိမ် ၊ မနှင်စံတို့ ၄ ယောက်ဟာ လုပ်ခဲ့ကြတယ် ၊ အဲ့ဒီလို တော်လှန်သင်္ကြန် လုပ်ပြီး ဧပြီ ၁၆ ရက်မှာ သူတို့ ၄ ယောက်လုံး ဖမ်းခံရတယ် ၊ စတင်ဖမ်းတုန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က အရ အမှုဖွင့်အရေးယူခဲ့တယ် ၊ အဲ့ဒီ အမှုကို တရားရုံးက ပြီးခဲ့တဲ့ ၂၀၂၃ မေလထဲမှာ ထောင် ၂ နှစ်စီ အမိန့်ချလိုက်တယ် ၊အမှုပြီးပြီလို့ ထင်ခဲ့တယ် ၊ အဲ့ဒီနောက် အထူးတရားရုံးကနေ သူတို့ လေး ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၀(ဇ) နဲ့ ၅၂ (က) ဆိုတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ၊ ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၅ ရက်က နောက်ထပ် ထပ်တိုး ပြစ်ဒဏ် ၁၀ နှစ်စီချလိုက်တာဖြစ်တယ် ” လို့ ကလေးမြို့ တရားရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီလို ထောင်ဒဏ်ထပ်တိုးခံရတဲ့ လူတွေထဲက မကျိနိဒွန့်ကိမ်ရဲ့ အသိုင်းအဝိုင်းက

” သူတို့ဖမ်းခံရပြီးနောက် ရုံးထုတ်တော့ သိရတာက ၅၀၅ – က နဲ့ပဲ အရေးယူထားတာဖြစ်တယ်လို့ ပြောတယ် ၊ ထောင် ၂ နှစ်ပဲကျတယ်ဆိုတော့ မိသားစု စိတ်အေးရပြီထင်ခဲ့ရတာ ၊ အခုတော့ ထောင် ၁၀ နှစ် ထပ်တိုးလိုက်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့ တရားရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မူလက ထောင် ၂ နှစ်ကျတယ် ၊ နောက်အမှုတွေက ထောင် ၁၀ နှစ်ကျတယ် ၊ အဲ့ဒီ အမှုတွေက ပြစ်ဒဏ်တွေကို တပေါင်းတည်း မပေးဘူး ၊ သီးခြားစီကျခံရမှာမို့ ပြစ်ဒဏ် ၁၂ နှစ်ဖြစ်သွားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း ပဲခူးတိုင်း ၊ ပြည်မြို့ ၊ NLD ပါတီ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျကို မူလ ပြစ်ဒဏ် ၁၉ နှစ်ကနေ ပြည် အကျဥ်းထောင် ၊ အထူးတရားရုံးက နောက်တိုး ပြစ်ဒဏ် အနှစ် ၂၀ ချလိုက်တာကြောင့် ပြစ်ဒဏ် ၃၉ နှစ်ဖြစ်သွားတယ်လို့ ဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

 

Related posts

✕
VOM News

FREE
VIEW