နိုင်ငံတော်သံဃ မဟာနာယက ဥက္ကဋ္ဌအဖြစ် သန်လျင် မင်းကျောင်းဆရာတော်ကြီးကို ရွေးချယ်တင်မြှောက်

 

မတ် ၁၀ – ၂၀၂၄

SN (VOM)

ပဉ္စမမြောက် နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌအဖြစ် သက်တော် (၇၇)နှစ်အရွယ်ရှိ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ် တင်မြှောက်ခဲ့တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။

အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်အဖွဲ့ အစည်းအဝေးမှာ ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူပြီးနောက် လစ်လပ်နေတဲ့ ဥက္ကဋ္ဌနေရာမှာ သန်လျင်မင်းကျောင်း ဆရာတော်ကြီးကို ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို မတ် ၈ ရက်မှ စတင်ကာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီးမှာ ကျင်းပခဲ့တာဖြစ်ပြီး မနေ့ မတ် ၉ ရက်၊ အစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနေရာကို အတည်ပြု ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ နေ့လယ်ပိုင်း အစည်းအဝေးမှာ မဟနဥက္ကဋ္ဌ ရွေးချယ်ရေးကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီး အဲ့ဒီ့ ကော်မရှင်က အဆိုပြုဖို့ ဖိတ်ခေါ်ခဲ့ပြီးတော့ ပန်းဘဲတန်း သိမ်တော်ကြီးကျောင်း ဗဟိုဝန်ဆောင်ဆရာတော်က မဟနဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်း ဆရာတော်ကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ အဆိုပြုချက်ကို စစ်ကိုင်း၊ ပဲခူး၊ ရခိုင် ဗဟိုဝန်ဆောင်ဆရာတော်တွေက ထောက်ခံဆွေးနွေးပြီး ဗဟိုဝန်ဆောင် ဆရာတော်အားလုံးက ထောက်ခံ အတည်ပြုခဲ့တာ ဖြစ်ပါတယ်” လို့ အဲ့ဒီ့အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့ အစည်းအဝေးမှာ အကျိုးတော်ဆောင် ဆရာတော်အဖြစ် မစိုးရိမ်တိုက်သစ် နာယက ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသကို ရွေးချယ် တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာတော်ကြီးတွေကတော့ ၁၉၈၀ မှ ၁၉၉၃ ခုနှစ်အထိ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပဲခူးမြို့မကျောင်းတိုက်မှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက)၊ ၁၉၉၄ မှ ၂၀၀၄ ခုနှစ်အထိ မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကိုးဆောင်တိုက်မှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောဘိတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက)၊ ၂၀၀၄ မှ ၂၀၁၀ ခုနှစ်အထိ မကွေးတိုင်း၊ မကွေးမြို့၊ မဟာဝိသုတာရာမစာသင်တိုက်မှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက)၊ ၂၀၁၀ မှ ၂၀၂၄ အထိ မန္တလေးတိုင်း၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်မှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက) တို့ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ယခု ပဉ္စမမြောက် နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌဖြစ်လာတဲ့ အရှင်စန္ဒိမာဘိဝံသကို လွတ်လပ်ရေးခေတ်ရဲ့ အကြိုနှစ်ကာလ ၁၃၀၈ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ အင်္ဂါနေ့၊ ည ၉ နာရီတိတိအချိန်မှာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်ရွာမှာ ဦးထွေး-ဒေါ်ကြင်တို့က မွေးဖွားခဲ့တာဖြစ်ပြီး တဦးတည်းသော သားရတနာဖြစ်ကာ ငယ်နာမည်ကတော့ မောင်စိုးသိန်းဖြစ်တယ်လို့ သိရပါတယ်။

ရှစ်နှစ်သားအရွယ်မှာ ဘော်ဂလွတ်ကျောင်းဆရာတော် ဦးဇနိန္ဒဆီမှာ ပညာသင်ကြားဖို့ မိဘတွေက အပ်နှံခဲ့ကြပြီး ၁၂ နှစ်သားအရွယ်မှာ အဘိုး၊ အဘွားနဲ့ မိဘနှစ်ပါးတို့က ပစ္စယာနုဂ္ဂဟနဲ့လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာတော် ဦးဇနိန္ဒ က ဓမ္မာနုဂ္ဂဟနဲ့လည်းကောင်း ချီးမြှောက်ခဲ့တဲ့အတွက် သာမဏေအဖြစ်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဥပဇ္ဈာယ်ဆရာတော်က အနာဂတ်သာသနာမှာ ထွန်းတောက် ထင်ရှားမယ့် အရိပ်နိမိတ်နဲ့ “ရှင်စန္ဒိမာ” လို့ ဘွဲ့အမည် ပေးခဲ့ပြီး ပိဋကတ်အခြေခံ စာပေတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ရှင်စန္ဒိမာဟာ ၁၃၂၄ ခုနှစ်၊ နယုန်လမှာ အရှင်ကုသလ (သာသနဓဇ ဓမ္မာစရိယ) နဲ့ ဆက်သွယ်ပြီး ဘော်ဂလွတ် ဆရာတော်ဘုရားရဲ့ ပို့ဆောင်မှုကြောင့် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

အဲ့ဒီ့ စာသင်တိုက်မှာ ပထမပြန် စာပေတွေကို သင်ကြားအားထုတ်ခဲ့ပြီး ၁၇ နှစ်အရွယ်မှာ ၁၃၂၅ ခုနှစ်၊ တော်လှန်ရေးအစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်းကို ဝင်ရောက်ဖြေဆိုခဲ့တာမှာ တပြည်လုံး ဒုတိယ ဂုဏ်ထူး၊ ၁၃၂၆ ခုနှစ်မှာ ပထမလတ်တန်းကို ဆက်လက်ဖြေဆိုခဲ့တာမှာ တပြည်လုံး တတိယ ဂုဏ်ထူးနဲ့ အောင်မြင်တော်မူခဲ့တယ်လို့ သိရပါတယ်။

ရှင်စန္ဒိမာဟာ ၁၃၂၈ ခုနှစ်၊ နယုန်လဆုတ် ၂ ရက်မှာ သန်လျင်မြို့၊ မင်းကျောင်း၊ ပထမပြန် စာသင်တိုက် ခဏ္ဍသိမ်တော်မှာ ဆရာရင်းဖြစ်တော်မူတဲ့ ဘော်ဂလွတ် ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုပြီး ပစ္စယာနုဂ္ဂဟနဲ့ ပထမအကြိမ် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သလို ၁၃၂၉ ခုနှစ်၊ တန်ခူးလမှာတော့ ဒုတိယအကြိမ် သိက္ခာတင်ခဲ့ကာ ၁၃၄၂-ခုနှစ် တပေါင်းလမှာတော့ တတိယအကြိမ် ထပ်မံပြီး သိက္ခာတင်တော်မူခဲ့တယ်လို့ သိရပါတယ်။

၁၃၂၈ ခုနှစ်မှာတော့ ရှင်စန္ဒိမာဟာ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းကို ဝင်ရောက်ဖြေဆိုခဲ့ပြီး စာဖြေပုဂ္ဂိုလ် ၂၁၀၅ ပါး၊ စာအောင်ပုဂ္ဂိုလ် ၃၁၁ ပါး ရှိတဲ့အနက် အမှတ်အများဆုံး ရရှိခဲ့တဲ့အတွက် “ပထမကျော်” ဘွဲ့ထူးကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

၁၃၃၀ ခုနှစ်၊ နယုန်လဆန်း ၃ ရက်နေ့မှာတော့ သာသနာအကျိုးကို ဆထက်ထမ်းပိုး တိုးပြီး ဆောင်ရွက်လိုတာကြောင့် မန္တလေးမြို့၊ မြတောင်တိုက် ပဒေသာရွှေကျောင်းကို ပြောင်းရွှေ့ကာ စာသင်တန်း၊ စာချတန်းဆိုင်ရာ အထက်တန်းစာပေတွေကို လေ့လာ ဆည်းပူးတော်မူခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့နောက် စာမေးပွဲတွေကို ဆက်လက် ဖြေဆိုခဲ့တာမှာ ၁၃၃၂ ခုနှစ်မှာ ရန်ကုန်မြို့၊ စေတိယင်္ဂဏစာသင်တန်းနဲ့ ၁၃၃၃ ခုနှစ်မှာ မန္တလေးမြို့ သကျသီဟစာသင်တန်း (ဒုတိယဂုဏ်ထူး) ကို အောင်မြင်ခဲ့ပါတယ်။

၁၃၃၄ ခုနှစ်မှာတော့ အစိုးရဓမ္မာစရိယတန်း ကျမ်းရင်းသုံးကျမ်းကို အောင်မြင်ခဲ့တဲ့အတွက် “သာသနဓဇ ဓမ္မာစရိယ” ဘွဲ့ကိုလည်းကောင်း၊ ၁၃၃၈ ခုနှစ်မှာ ရန်ကုန်မြို့၊ စေတိယင်္ဂဏစာချတန်းကို တပါးတည်း အောင်မြင်ခဲ့တဲ့အတွက် “စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက” ဘွဲ့ကိုလည်းကောင်း၊ ၁၃၃၉ ခုနှစ်မှာ မန္တလေးမြို့၊ သကျသီဟစာချတန်းကို အပြီးအစီး အောင်မြင်ခဲ့တဲ့အတွက် “အရှင်စန္ဒိမာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ” ဘွဲ့ကိုလည်းကောင်း အသီးသီး ရရှိခဲ့ပါတယ်။

ဆရာတော်ကြီးဟာ မန္တလေးမြို့မှာ ပိဋကတ်ဆိုင်ရာ ပါဠိအဋ္ဌကထာဋီကာ ကျမ်းစာတွေကို လေ့လာဆည်းပူး အောင်မြင်ခဲ့ပြီးတဲ့နောက် ၁၃၃၉ ခုနှစ်၊ ဝါဆိုလပြည့်နေ့မှာ ပင်မအခြေခံ မိခင်တိုက်ရင်းဖြစ်တဲ့ သန်လျင်မြို့၊ မင်းကျောင်း၊ ပထမပြန်စာသင်တိုက်ကို ပြန်လည် သီတင်းသုံးတော်မူပြီး ပဓာန နာယကဆရာတော်ဘုရားရဲ့ ဩဝါဒနဲ့အညီ စာသင်သား ရဟန်းသာမဏေတို့ကို စာပေပို့ချ သာသနာပြုလျက် ရှိတဲ့အပြင် သန်လျင်မြို့နယ်၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်အဖြစ် သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူလျက် ရှိပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW