အင်ဒိုနီးရှား အနောက်ဆူမားတြားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး

ဂျကာတာ၊ မတ်-၁၁-၂၀၂၄
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၂၁ ယောက်ထက်မနည်းသေဆုံးပြီး လူ ခုနှစ်သောင်းငါးထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ပြည်နယ်မြို့တော် ပါဒန်းနု့ အခြားဒေသရှစ်ခုမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်ကစပြီး မိုးရွားသွန်းမှုနဲ့ မြေပြိုမှုတွေကြောင့် နေအိမ်၊ စာသင်ကျောင်းနဲ့ လမ်းတံတားပျက်စီးမှု ၇၀၀ နီးပါးရှိခဲ့ပြီး လယ်မြေ ၁၁၃ ဟတ်တာ ပျက်စီးခဲ့ပါတယ်။

မတ် ၁၀ ရက်ထိ လူ ၂၁ ယောက်သေဆုံးပြီး ခြောက်ယောက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အနောက်ဆူမားတြားပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ဆီတီရာခရိုင်ရှိ ကုန်းမြင့်ဒေသတခုရှိ ကျေးရွာတရွာဟာ အဆိုးရွားဆုံးခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာပိုင်တွေဟာ သဘာဝဘေးခံခဲ့ရတဲ့ ဒေသသုံးခုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်းဆောင်ရွက်နေပြီး ကယ်ဆယ်ရေးသမား ၁၅၀ ခန့် ဖြန့်ကြက်လုပ်ဆောင်ခဲ့ပါတယ်။

အထူးသဖြင့် ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းမှာ နှစ်စဉ်ပထမသုံးလပတ်ကာလတွေအတွင်း မိုးရွာသွန်းမှု အထွတ်အထိပ်ရောက်ရှိတတ်ပြီး မကြာသေးမီရက်များအတွင်း မိုးပိုလာနိုင်တယ်လို့ အင်ဒိုနီးရှားမိုးလေဝသဌာနက သတိပေးထားပါတယ်။

Ref: AFP
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW