မော်တင်စွန်းဘုရား ကမ်းခြေအနီးမှာ လင်းပိုင်အုပ်သောင်တင်နေလို့ ဒေသခံတွေပြန်လွှတ်ပေး

 

မော်တင်စွန်း၊ မတ်- ၁၃- ၂၀၂၄

SA(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာရှိတဲ့ မော်တင်စွန်းဘုရားနဲ့ ငွေတောင်ကမ်းခြေ ကြားက သောင်ပြင်ပေါ်မှာ ဒီကနေ့ မတ်လ ၁၃ ရက်မနက် ၁၁ နာရီဝန်းကျင်ခန့်က လင်းပိုင်၂၅ ကောင် ဝန်းကျင်ခန့် သောင်တင်ခဲ့တယ်လို့ မော်တင်စွန်းဂေါပကအဖွဲ့ဝင်တဦးက VOM ကိုပြောပါတယ်။

“ဘုရားပွဲတော်ကာလ ပြင်ဆင်နေတဲ့အချိန်ကတည်းက လင်းပိုင်းအုပ်တွေက မော်တင်စွန်းဘုရားနဲ့ အရမ်းနီးတဲ့နေရာမှာ မြူးပြီးနေတာကို ဘုရားရင်ပြင်တော်ပေါ်က ကြည့်ရင်တောင်မြင်ရတယ်။ အဲ့ဒါ နဂိုဘုရားပွဲတော်ကာလတွေမှာလည်း ဖြစ်ဖူးတယ်။ အဲ့ဒါ နဂိုတင်ထားတာကို ပြန်တင်ထားတာလားမသိဘူးဆိုပြီး စုံစမ်းလိုက်မှ ခုဖြစ်မှန်း သိရတာပါ” မော်တင်စွန်းဘုရား ဂေါပကအဖွဲ့ဝင်က ပြောပါတယ်။

မော်တင်စွန်းဘုရားပွဲတော်ကို မတ်လ ၁၀ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပနေတာကြောင့် ဘုရားပွဲတော်ကာလဖြစ်တဲ့အတွက် ဘူရားဖူးလာရောက်လည်ပတ်သူ များပြားတယ်လို့လည်း သိရပါတယ်။

မနေ့ မတ်လ ၁၂ ရက်နေ့ကလည်း ငါးဖမ်းပိုက်တွေနဲ့အတူ လင်းပိုင်အကောင်အရေအတွက် အများအပြား ပါလာလို့ ဒေသခံတွေက ထိမ်းသိမ်းရမယ့် ငါးမျိုးစိတ်မှန်းသိလို့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက သောင်တင်ခဲ့တဲ့ လင်းပိုင်၂၅ ကောင်ဝန်းကျင်ခန့်ကို ပြန်လွှတ်ပေးခဲ့ပြီး သောင်တင်မှုဖြစ်စဥ်ကြောင့် လင်းပိုင်တွေ သေဆုံးမှုမရှိဘူးလို့သိရပါတယ်။

လွန်ခဲ့တဲ့ တလခန့်ကလည်း လင်းပိုင်အများအပြား သောင်တင်ခဲ့တာဖြစ်ပြီး မော်တင်စွန်းကမ်းခြေတဝိုက်မှာ ဒါမျိုးဖြစ်စဥ်မကြာခဏ ကြုံတွေ့ရတယ်လို့သိရပါတယ်။

သတင်းဓာတ်ပုံ – Tody Ayeyarwaddy လူမှုကွန်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW