လက်ပံတန်းမြို့နယ်မှာ ရဲမိသားစုနဲ့ ပညာရေးဝန်ထမ်း မိသားစုတွေအပါအဝင် လူငါးယောက် အသတ်ခံရ

 

မတ် ၊ ၁၅ ၊ ၂၀၂၄

TT(VOM)

ပဲခူးတိုင်း အနောက်ဘက်ခြမ်း သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ရေငန်ကျေးရွာအုပ်စု ၊ သရက်တောကျေးရွာမှာ ဒီကနေ့မနက် အစောပိုင်း ၅ နာရီဝန်းကျင်က နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ၊ မနေ့ မတ် ၁၄ ရက် ညပိုင်းကလည်း အဲဒီရွာမှာ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တာကြောင့် နာရီပိုင်းခြားပြီး စုစုပေါင်း လူငါးယောက် အသတ်ခံရတယ်လို့ သာယာဝတီခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က ည ၈ နာရီဝန်းကျင်မှာ သရက်တောရွာမှာ လူသုံးယောက် အသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ဦးအောင်ဝင်းထွန်း ၅၂ နှစ် ၊ အထက မကျီးကွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်သွယ်သွယ်ထွန်း ၅၀ နှစ် နဲ့ ဆရာမရဲ့ အစ်မဖြစ်သူ ဒေါ်ဝင်းမင်းသန်း ၅၂ နှစ် ဖြစ်တယ် ၊ သူတို့ သုံးယောက်ကို အမည်မသိ (စုံစမ်းနေဆဲ) လူလေးယောက်က ဆိုင်ကယ် နှစ်စီးနဲ့ လာပြီး ပစ်သတ်သွားတာဖြစ်တယ် ၊ ဒီကနေ့မနက် ၅ နာရီခွဲဝန်းကျင်က အဲဒီရွာမှာပဲ လူနှစ်ယောက်ထပ်ပြီး ပစ်သတ်ခံရပြန်တယ် ၊ သေဆုံးသူ နှစ်ယောက်ကတော့ ဦးစိန်ဦး ၆၄ နှစ်နဲ့ သူ့မိန်းမ ဒေါ်လှရီ ၆၅ နှစ်တို့ဖြစ်တယ် ၊ အဲ့ဒါကြောင့် သရက်တောရွာမှာ လူငါးယောက် ပစ်သတ်ခံရတာဖြစ်တယ် ” လို့ လက်ပံတန်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီ ဖြစ်စဉ်မှာ သေဆုံးရသူတွေထဲက ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ အဖေဖြစ်သူပါဝင်နေသလို ပညာရေးဝန်ထမ်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့က လူသတ်မှုကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက် ၊ ညနေပိုင်းကလည်း ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ ကိုင်းကြီးကျေးရွာအုပ်စုနဲ့ ဂုံညှင်တန်းကျေးရွာတွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတယောက် ၊ အရပ်သား တယောက် ၊ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက် ၊ PDF တယောက် စုစုပေါင်း ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က သာယာဝတီခရိုင် သစ်တောရေးရာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ်အုပ်ကြီး ဦးကျော်ဆန်းဝင်း၊ ချောင်းခေါင်း ဦးကျော်စွာဝင်း၊ ဆင်ဆေးကုဆရာဝန် ဦးဇော်ဝင်း၊ လက်ထောက်ဆင်ဆေးကု ဦးသက်နိုင်ထွန်းနဲ့ ဆင်ခေါင်း ဦးခင်ရင်တို့ ငါးယောက်ဟာ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကုန်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာတွေက စိုက်ခင်းတွေကို ဆင်တွေက ဝင်ရောက်ဖျက်ဆီးတာကြောင့် အဲ့ဒီဆင်တွေကို လိုက်ဖမ်းထိန်းသိမ်းဖို့သွားရင်း ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်အထက်မှာရှိတဲ့ (ဒေသအခေါ်) တောင်နှစ်လုံးပေါက်နေရာဝန်းကျင်မှာ အဲ့ဒီ သစ်တောရေးရာဝန်ထမ်း ငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့် သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ၂၈ ရက် နေ့လယ်ပိုင်းက ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ် ၊ မှော်အင်းကျေးရွာအုပ်စု၊ သဲကောဆည်အစွန်ရှိ ၊ ဘိုင်ဘင်ချောင်းဖျားမှာ သုံးလောင်းပြိုင် လူသတ်မှုတခုဖြစ်ပွားခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW