ကလေးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေ

 

မတ် ၊ ၁၆ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ရဲ့ မြောက်ဘက်ခြမ်းမှာ ဒီကနေ့ မနက် ၃ နာရီလောက်ကစပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်း ၃ နာရီကစလို့ ကလေးမြို့ မြောက်ဘက်ခြမ်း ဆည်တော်ဦး ၊ ကျောင်းတိုက် ( ပြည်သူ့စစ်) ရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတယ် ၊ တိုက်ပွဲအရှိန်က ပြင်းထန်လာတာကြောင့် ပျဉ်းခုံကြီး ၊ ပျဉ်းခုံလေး ၊ နန်းချောင်း ၊ ပြည်တော်သာ ၊ သာယာကုန်း စတဲ့ရွာမှာနေတဲ့ အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ လေကြောင်း ပစ်ကူတွေ လာလို့ တချို့ရွာခံတွေ အခုထိ ပိတ်မိနေတုန်းဖြစ်တယ် ၊ ဘေးလွတ်ရာကို ထွက်ပြေးဖို့ အချိန်မရကြသေးဘူး ” လို့ နန်းချောင်းရွာကနေ တိုက်ပွဲရှောင်လာသူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်က ၊ နန်းချောင်းရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ ပျက်စီးကာ ကလေးနှစ်ယောက် ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။

နန်းချောင်းရွာနဲ့ သိပ်မဝေးတဲ့ လက်ပံချောင်းရွာထဲမှာလည်း မတ် ၁၄ ရက် ၊ ည ၉ နာရီဝန်းကျင်က လက်နက်ကြီးကျည်တခု ကျရောက်ပေါက်ကွဲလို့ ရွာခံ Pi Lalzuali ၆၂ နှစ် ဆိုသူနဲ့ Tv – Lalramdika ၄၂ နှစ် မြေးအဘွားတော်စပ်သူ နှစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး ရွာခံ ခြောက်ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ကလေးမြို့ရဲ့ နှစ်ဘက်တိုက်ပွဲမှာ လက်နက်ကြီးတွေ အပြန်အလှန်အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် နန်းချောင်းရွာနဲ့ လက်ပံချောင်းရွာမှာ ကျရောက်ပေါက်ကွဲတယ်ဆိုတဲ့ လက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့က ပစ်တယ်လို့ VOM အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါအပြင် ဒီကနေ့ မနက်အစောပိုင်းကစလို့ ကလေးမြို့နယ် တောင်ဘက်ခြမ်းမှာ နယ်မြေရှင်းလင်းရေး နစက စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ၊ စည်းဟောင် ၊ ဆည်တော ၊ မှန်တော ၊ ဒိုးနွယ် ၊ ရှားဘို ၊ တင်သား စတဲ့ ရွာခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကလေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျောက်တိုင်ရွာက ပြည်သူ့စစ်ခေါင်းဆောင်ပိုင်တဦးကို ဒေသတွင်း လက်နက်ကိုင် PDF တွေက ဖမ်းဆီးခေါင်ဆောင်သွားတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW