ကလေး – တမူး ကားလမ်း အခြေအနေ ဘယ်လိုရှိသလဲ

 

 

မတ် ၊ ၁၇ ၊ ၂၀၂၄

SP ( VOM)

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကားလမ်းတခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့အကြားမှာ လွန်ခဲ့တဲ့ ငါးလကျော်ကစလို့ လမ်းတွေပိတ်ထားတာကြောင့် ကလေးနဲ့ တမူးကြားမှာ ခရီးသည်တွေ ဘယ်လိုသွားလာနေရသလဲဆိုတာ သိရဖို့ ဒေသခံတွေဆီကို VOM က မေးမြန်းထားပါတယ်။

တမူးနယ် ဒေသခံတယောက်က ” မုံရွာကနေ တမူးကိုလာမယ်ဆိုရင် ကလေးမှာ တညအိပ်ရတယ် ၊ နောက်တနေ့ မနက် ၇ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ကနေ တမူးဘက်ကို ကားတွေ ထွက်တယ် ၊ ကားခ ၊ ခရီးသည်တယောက်ကို သုံး​သောင်းရှိတယ် ၊ အဲ့ဒီ ကားတွေအားလုံးက တမူမြို့ပေါ်အထိ မရောက်ဘူး ၊ ကားစီးချိန် ငါးနာရီ ၊ ခြောက်နာရီလောက်စီးရင် တမူးနယ် ခါမ်းပါတ်ကိုရောက်တယ် ၊ လမ်းအခြေအနေရ ဒီထက်ပိုပြီးတော့လည်း အချိန်ကြာနိုင်တယ် ၊ ကလေးကနေ တမူးကိုလာတဲ့ ကားတွေအားလုံးက ထင်းစင်ရွာမှာပဲ ဂိတ်ဆုံးတယ် ၊ ထင်းစင်ရွာနဲ့ တမူးကြားမှာ ဆက်သွားလို့မရဘူး ၊ ကားလမ်းတွေပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ခရီးသည်တွေက ထင်းစင်ရွာကနေ တမူးမြို့ပေါ်အထိ မိုင် ၅၀ ကျော်လောက် တောလမ်းခရီးကနေဆိုင်ကယ် ကယ်ရီငှားပြီးသွားရတယ် ၊ ခရီးသည် တယောက်ကို ခရီးဆောင်အိတ်တလုံး အပါအဝင် ဆိုင်ကယ် ကယ်ရီငှားခ တသိန်းခွဲရှိတယ် ၊ ဘုတ္ကန်ရွာနဲ့ တမူးဆိုရင် ကယ်ရီခ တသိန်းပဲရှိတယ် ၊ ကလေးမြို့ကနေ တမူးမြို့ကို သွားလာနေကြသူ မဟုတ်ဘူးဆိုရင် တမူးဘက်က ဆိုင်ကယ် ကယ်ရီသမားတွေက ၊ ကလေးမြို့ဘက်ကို ကားသမားတွေနဲ့ လှမ်းချိတ်ပေးတယ် ၊ တမူးဘက်ကနေ ကလေးမြို့ဘက်ကိုသွားမယ်ဆိုရင်လည်း အဲ့ဒီအတိုင်းပဲ သွားရတယ် ၊ ကလေးမြို့ကနေ တမူးမြို့ပေါ်ကို တာရိုက်ကား လုံးဝမရှိဘူး ၊ မဖြစ်မနေ ဆိုင်ကယ် ကယ်ရီနဲ့ သွားရတယ် ၊ ဒီရက်ပိုင်း တမူးကနေ ကလေးဘက်ကိုသွားရင် ကလေးမြို့နယ် အဝင်မှာ လမ်းတွေ ပေးမဖြတ်ဘူး ၊ ကလေးနယ်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းတွေပိတ်ထားတယ် ၊ ကလေးမြို့ကနေ တမူးမြို့ဘက်ကို သွားမယ်ဆိုရင် ကားခ သုံးသောင်းနဲ့ ဆိုင်ကယ် ကယ်ရီခ တသိန်းခွဲ အနည်းဆုံးကုန်ကျတယ် ” လို့ ပြောပါတယ်။

ဒါအပြင် ခါမ်းပါတ်နဲ့ တမူးမြို့အကြားမှာရှိတဲ့ ဝိဒုတ် ၊ရန်လင်းဖိုင် ၊ ခို့မွန်းနွံ ၊ နမ့်မွန်းတား ၊ ပန်းသာ ( ပြည်သူ့စစ်ရွာ) ၊ မန်မော် ၊ ထန်းတပင် ၊ နတ်မြင်းဟန် စတဲ့ရွာတွေကို တောထဲကွင်းလမ်းတွေကနေ မဖြစ်မနေ ရှောင်လွဲပြီးသွားရတယ်လို့ သိရပါတယ်။ အဲ့ဒီလိုသွားရတာဟာ ကားလမ်းအတိုင်း သွားလာခွင့်တွေ ပိတ်ထားလို့ဖြစ်တယ်လို့ သိရပါတယ်။

တမူးဒေသခံ တယောက်က ” အရင်က ၊ တမူးနဲ့ ကလေးဆို လမ်းစရိတ် နှစ်သောင်းပဲကုန်တယ် ၊ အခုဆို လမ်းစရိတ် နှစ်သိန်းလောက်ကုန်တယ် ၊ အဲ့ဒါကြောင့် ကျန်းမာရေး ကိစ္စဆိုရင် သွားဖို့မလွယ်ဘူး ၊ နောက်ပြီး လမ်းတလျှောက် အစစ်ဆေးများတယ် ၊ နယ်စပ်ကုန်သွယ်ရေးက ရပ်ထားရတာကြာပြီ ၊ တမူးမှာက မုံရွာ ၊ မန္တလေး ဘက်ကနေလာနေကြ ကုန်စည်ပစ္စည်းတွေ မဝင်တော့ဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကစလို့ ကလေးမြို့နဲ့ တမူးမြို့ကြားမှာရှိတဲ့ ခါမ်းပါတ်မြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင် PDF တွေက ထိန်းချုပ်ထားပြီးနောက်ပိုင်း မကြာခဏ တိုက်ပွဲတွေဖြစ်ကာ ခါမ်းပါတ်နဲ့ တမူးကြားမှာ ကားလမ်းတွေ ပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW