အိန္ဒိယဘက်ကနေ မြန်မာဘက်ကိုတင်ပို့မယ့် ဖောက်ခွဲရေး Gelatin မိုင်း တရာကျော် မီဇိုရမ်ပြည်နယ်ရဲကဖမ်း

မတ် ၊ ၁၉ ၊ ၂၀၂၄
SP (VOM)
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ မနေ့ မတ် ၁၈ ရက်က မြန်မာနိုင်ငံသား လင်မယားနှစ်ယောက်ဆီကနေ မြန်မာဘက်ကို တင်ပို့မယ့် ဖောက်ခွဲရေးမိုင်းအလုံး တရာကျော်ကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တယ်လို့ အဲ့ဒီ ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံဘက်ကို တင်ပို့နေတဲ့ ဖောက်ခွဲရေး မိုင်း Gelatin ၁၁၀ ချောင်းနဲ့ ယမ်းကြိုး ၁၁၀ ချောင်းတို့ကို ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ခွါမွေးကျေးရွာမှာနေထိုင်တဲ့ ဦးဗျက်ရဲမ် အသက် ၂၉ နှစ် နဲ့ သူ့မိန်းမ ဒေါ် ရမ်ထဇွာလ် အသက် ၂၈ နှစ်တို့က 125 ဆိုင်ကယ်တစ်စီးနဲ့အတူ မြန်မာဘက်ကို သယ်ယူလာစဥ် မီဇိုရမ်ပြည်နယ် ပူးပေါင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တာဖြစ်ပြီး ၊ အဲ့ဒီ လင်မယားနှစ်ယောက်ကိုတော့ ဇိုခွာသရ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။
မီးဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က
” ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၁၁ ရက်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ရှာဟာခရိုင်ကနေ နယ်စပ်ဖြတ်ပြီး မြန်မာဘက်ကိုပို့မယ့် စစ်ဘက်ရေးရာ ဆက်သွယ်ရေး စကားပြောစက် (Walkie Talkie) အလုံး ၁၇၀ ကျော်ကို အာသံရိုင်ဖယ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရတယ် ၊ အဲ့ဒီအပြင် မတ် ၅ ရက်တုန်းကလည်း အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကျေးရွာတွေဖြစ်တဲ့ ပန်ခွာရွာနဲ့ စငါအိုရွာကြားမှာ မြန်မာဘက်ကို တင်ပို့ဖို့လို့ ယူဆရတဲ့ စနိုက်ပါ ကျည်ဆံ အတောင့် သုံးထောင်ကျော်နဲ့ စစ်သုံး စနိုက်ပါ မှန်ပြောင်းတွေကို ၊ မီဇိုရမ်ပြည် ၊ မြန်မာနယ်စပ်မှာရှိတဲ့ စငါအိုကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ ကိုဗန်လာလ်ပဲခ့်အာ အသက် ၃၄ နှစ် ဆိုသူဆီက ဖမ်းဆီရမိတယ် ၊ အရင်ကလည်း မြန်မာဘက်ကို တင်ပို့မယ့် စစ်လက်နက်ပစ္စည်းတွေ မီဇိုရမ်ပြည်နယ်ထဲမှာ ဖမ်းဆီးရမိတာတွေရှိတယ် ” လို့ ပြောပါတယ်။
အိန္ဒိယ မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တယောက်က ” မတ် ၅ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ၊ ဇိုခွါသာရ်နဲ့ မဲလ်ဘုတ်ကျေးရွာ ကြား Vawmkhaw ချောင်းနားမှာ မြန်မာနိုင်ငံသား တယောက်ဆီကနေ မူးယစ်ဆေးဝါး (ဘိန်းဖြူမူန့်)တွေ ဖမ်းမိပြန်တယ် ၊ တန်ဖိုးငွေ ရူပီး သိန်းတရာဖိုးလောက်ရှိတယ် ၊ အဖမ်းခံရတဲ့သူက စစ်ကိုင်းတိုင်း ကလေးမြို့ ၊ တာဟန်းရပ်ကွက်မှာနေတဲ့ ကိုလာလ်ပဲခ့်ထန်းငါ အသက် ၃၅ နှစ် ဆိုသူဖြစ်တယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ ကစလို့ မြန်မာ – မီဇိုရမ် နယ်စပ်ဒေသမှာ လက်နက်မှောင်ခိုနဲ့ မူးယစ်ဆေးဝါတွေ မကြာခဏ ဖမ်းမိတယ် ၊ ပြီးခဲ့တဲ့၂၀၂၃ အောက်တိုဘာ ၁၄ ရက်က မီဇိုရမ်နယ်စပ်မှာ ​အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား တယောက်ဆီကနေ မက်သာအက်ဖယ်တမင်း မူးယစ်ဆေးတွေ အိန္ဒိယငွေ သိန်းပေါင်းထောင်ချီပြီး ဖမ်းဆီရမိတယ် ၊ အဲ့ဒီ အပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ ၊ လဲန်းပွီးလေဆိပ်မှာ အိုင်ဇောလ်ကနေ နယူးဒေလီကို ပျံသန်းမယ့် လေယာဥ်ကြောင်းခရီးစဥ်မှာ လေယာဥ်စီးခရီးသည် မြန်မာနိုင်ငံသား အမျိုးသမီး တဦးဆီက ရူပီးငွေ သိန်း ၃၁၀၀ ကျော် ၊ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ( စိတ်ကြွဆေးပြား) တွေ ဖမ်းမိတယ် ” လို့ ပြောပါတယ်။
​ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၀ ရက်က မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ၊ လန်ဘန်ကျေးရွာနားမှာ လက်နက်မှောင်ခိုသယ်ဆောင်သူ မြန်မာနိုင်ငံသား လူ ၂ ဦးဆီက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို အာသန်တပ်က သိမ်းဆည်းရမိတဲ့အခါ အဲ့ဒီ လူ ၂ ဦးဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ဒီနှစ် ဖေဖော်ဝါရီ ၂၉ အထိ မြန်မာနိုင်ငံသား မူးယစ်ကုန်သည် ၂၀ ကျော် ၊ စစ်လက်နက် ကုန်သည် ၁၁ ယောက် ၊ ငွေကြေး မှောင်ခို ၈ ယောက် ၊ လူသတ်မှု ၅ ယောက် စတာတွေ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရူနာချယ်လ် ပရာဒက်ရှ် ပြည်နယ် Arunachal Pradesh နဲ့ ၅၂၀ ကီလိုမီတာ၊ နာဂ‌လင်န်း (Nagaland) ပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မဏိပူရနဲ့ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ် ပြည်နယ်နဲ့ ၅၁၀ ကီလိုမီတာ ၊ နယ်နမိတ် ထိစပ်မှု ဧရိယာ စုစုပေါင်း ၁,၆၄၃ ကီလိုမီတာ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW