ကျိုက်ထိုမှာ ပစ်ခတ်မှုဖြစ်ပြီး ဘုန်းကြီးပျံလွန်တော်မူပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒဏ်ရာပြင်းထန်ရရှိ

မွန် -မတ် – ၂၅ – ၂၀၂၄
GG ( VOM )

မွန်ပြည်နယ် ၊ ကျိုက်ထို​မြို့နယ်၊ ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပြီး ဘုန်းကြီးတပါးပျံလွန်တော်မူကာ ဆိုင်ပိုင်ရှင်အမျိုးသားလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့မတ်လ ၂၅ ရက်နေ့ ၊နေလယ် ၁ နာရီကျော်လောက်မှာ ကင်မွန်းချောင်းရွာရှိ
စွယ်တော် လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေပြန်ထွက်လာစဥ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆိုင်ရှင်ကတော့ ဆိုင်ထဲထိ ဝင်ပစ်ခံရတာဖြစ်တယ်လို့သိရပါတယ်။

” ဘုန်းကြီး နဲ့ ဆိုင်ပိုင်ရှင်က တပ်သတင်းပေးဆိုပြီး ပစ်ခတ်လိုက်တာလို့ pdf ဘက်ကထုတ်တာတွေ့ရတယ်။ ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေ ပြန်အထွက်ဆိုင်ကယ်ပေါ်အရောက်ပစ်ခံရတာ၊ဘုန်းကြီးပစ်ပြီးမှ ပိုင်ရှင်ကိုထပ် ပစ်တာ၊ ဘုန်းကြီးက လက်မောင်းရင်းမှာ ကျည်တချက်၊ ကျောကုန်းမှာ ကျည်တချက်နဲ့နေရာမှာပွဲချင်းပြီးပ၊ဦးတင်ငြိမ်းကတော့ ဆီးခုံမှာ (၁)ချက်၊ ညာဘက်မှာ တချက်ရှပ်ထိတယ်” လို့ ကျိုက်ထိုဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့ဘုန်းကြီးကတော့ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင် ဘောဂဝတီ ရွှေကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၄၇ နှစ်၊ ဝါတော်(၁၈)ဝါရှိ ဘုန်းကြီး ဉူးစန္ဒိမာ ဖြစ်ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သူက စင်တော်လက်ဖက်ရည်ပိုင်ရှင်ဖြစ်သူဦးတင်ငြိမ်း(ခ)ဦးတင်အောင် ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ပျံလွန်တော်မူခဲ့တဲ့ ဘုန်းကြီး နဲ့ ဆိုင်ပိုင်ရှင်အမျိုးသားကို ကျိုက်ထိုပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး ဆိုင်ပိုင်ရှင်ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုကိုတော့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က လုပ်ခဲ့တာဖြစ်ပြီး ဘုန်းကြီး ဉူးစန္ဒိမာ က သေနတ်ကိုင်ထားပြီး pdf တွေရဲ့သတင်းကို စစ်တပ်ကိုသတင်းပေးခြင်း၊အရက်သောက်စားခြင်း ပြုလုပ်သလို ၊ ဦးတင်ငြိမ်းကလည်း ဘုန်းကြီးနဲ့ပေါင်းပြီး စစ်တပ်ကို pdf တွေရဲ့သတင်းပေးတာတွေ လုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်တယ်လို့ KRF က သူ့ရဲ့လူမှုကွန်ယက်ကနေသတင်းထုတ်ထားတာတွေ့ရပါတယ်။

မတ်လ ၂၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊တောင်ကလေးရွာအုပ်ချုပ်ရေးမှူးကို KRF အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအ စိုးရထုတ်ပြန်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာတော့ အရပ်သားပြည်သူကို ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရဆိုပြီး ဖော်ပြထားပါတယ်။

အရပ်သားဆိုတာက မိမိရန်သူရဲ့စစ်သားမဟုတ်တဲ့အပြင် တိုက်ပွဲမှာတိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသူကို ဆိုလို​ကြောင်းလည်းတဆက်တည်း ဖော်ပြထားတာတွေ့ရပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသွားတဲ့ သာသနာဝန်ထမ်း အရေအတွက် တရာနီးပါးထိ ရှိလာတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW