နေရပ်မပြန်နိုင်သေးတဲ့ ကော့ကရိတ် စစ်ဘေးရှောင်တွေအတွက် အကူအညီများစွာ လိုအပ်နေ

မတ် ၂၅ – ၂၀၂၄
SN (VOM)
သုံးလကျော် ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးတဲ့ ကော့ကရိတ် စစ်ဘေးရှောင်တွေအတွက် အကူအညီ များစွာ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ကော့ကရိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားလာခဲ့တာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့အထိ စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေ့ကနေစပြီး ကော့ကရိတ် မြို့တွင်း၊ မြို့ပြင်နဲ့ အနီးတဝိုက် ကျေးရွာတွေက ဒေသခံပြည်သူ လေးသောင်းကျော်ဝန်းကျင်ဟာ ဘားအံမြို့နယ်ရှိ ဘုန်းကြီးကျောင်း၊ ဥယျာဉ်ခြံ စတဲ့ နေရာတွေမှာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
“စစ်ရှောင်တွေအတွက် စားဝတ်နေရေး အခက်အခဲ အများကြီး ရှိနေတယ်။ လက်ရှိကတော့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေ အကူအညီနဲ့ ရပ်တည်နေရတာပေါ့။ ဒီလိုဆက်ပြီး ရပ်တည်သွားနိုင်ဖို့ ဆိုတာကလည်း အလှူရှင်တွေ စဥ်ဆက်မပြတ် ရှိနေဖို့က အရေးကြီးတယ်။ တိုက်ပွဲက ဘယ်အထိ ကြာဦးမယ်မသိသေးဘူးလေ” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ကျုံဒိုး၊ ကမ်းမရိုက်၊ ကမ်းနီ စတဲ့ ကျေးရွာဒေသတွေဘက် တိမ်းရှောင်နေကြသူတွေလည်း ရှိနေပြီး ဆက်သွယ်လို့မရတဲ့ အခြေအနေ၊ သွားရေးလာ‌ရေး အခက်အခဲတွေကြောင့် အကူအညီပေးနိုင်ဖို့ အဆင်မ‌ပြေ ဖြစ်နေရတယ်လို့ သူက ပြောပါတယ်။
စစ်ရှောင်တွေဟာ ဘားအံမြို့အပြင် မော်လမြိုင်မှာလည်း သွားရောက် တိမ်းရှောင်နေရတာတွေရှိသလို ကျုံဒိုး၊ အိန္ဒု၊ နဘူး၊ ကမ်းမရိုက်၊ ကမ်းနီ၊ သာမည စတဲ့‌ ကျေးရာတွေမှာလည်း အများဆုံး သွားရောက် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ဒီက စစ်ရှောင်တွေက တချို့ အိမ်ငှား၊ ခြံငှားပြီး နေနေကြတာရှိတယ်။ တချို့က ဆွေမျိုးတွေအိမ်၊ တချို့က လမ်းဘေးက ရော်ဘာခြံတွေထဲ ခြံရှင်ကိုပြောပြီး ယာယီနေနေကြတာ။ ကိုယ်တွေကတော့ လောလောဆယ် ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေတယ်။ ရေရှည် ကုန်ကျစရိတ်ကို တွက်ရဦးမှာဆိုတော့ ငှားဖို့ပြုဖို့ကလည်း ခုချိန် မစဉ်းစားနိုင်သေးဘူး။ ဒီမှာ လာလှူတဲ့ အလှူရှင်တွေ ဆိုတာကလည်း အများဆုံး တပတ်စာလောက်ပဲ တတ်နိုင်တာလေ။ အဲ့တော့ ကိုယ့်ရှိတာလေးနဲ့လည်း ဝယ်ခြမ်းစားတဲ့အခါစား၊ အဲ့လိုလေး နေရတာပေါ့” လို့ ဘားအံမှာ စစ်ရှောင်နေသူတယောက်က ပြောပါတယ်။
သူတို့အနေနဲ့ လတ်တလော အလုပ် လုပ်ဖို့လည်း အဆင်မပြေတဲ့အတွက် အချိန်တွေ ကြာလာတာနဲ့အမျှ ငွေရေးကြေးရေး အခက်အခဲတွေလည်း ကြုံလာရသလို နေရေး၊ စားရေးအပြင် ကျန်းမာရေး အခက်အခဲတွေလည်း ရှိနေကာ တိုက်ပွဲကြောင့် နေအိမ်တွေလည်း မီးထဲပါသွားတဲ့အတွက် ပြန်စရာအိမ်လည်း မရှိတော့ဘူးလို့ သိရပါတယ်။
လက်ရှိမှာ ကော့ကရိတ်မြို့နယ်အတွင်းက ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာနဲ့ သရဏံ စတဲ့ မွန်တိုင်းရင်းသား ကျေးရွာတွေမှာ မနေ့ မတ်လ ၂၄ ရက်၊ မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွင်း လက်ရှိမှာ မြဝတီ၊ သင်္ဃန်းညီနောင်၊ လေးကေ့ကော်၊ လက်ခတ်တောင်၊ ဝေါလေ၊ ထီးကပလယ်၊ ကော့ကရိတ်နဲ့ မြပတိုင် အစရှိတဲ့ ကျေးရွာဒေသတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW