မြင်းခြံ – မြို့သာကားလမ်းမှာ မိုင်းထိမှန်ခဲ့တဲ့ ဒုရဲမှူးကြီး တယောက်သေဆုံး

မတ် ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ရဲတပ်ဖွဲရုံးမှာ တိုင်း မှု့ခင်းကျဆင်းရေးနဲ့နှိမ်နင်းရေး (တိုင်းမှုကူ)ဌာန ၊ တာဝန်ခံ ဒုရဲမှူးကြီး ကျော်ဇင်မြင့် ဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကြောင်းထွက်ရင်း မိုင်းထိမှန်ပြီး နောက်ပိုင်းမှာ သေဆုံးခဲ့တာကြောင့် သူရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ သဂြိုလ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” ဒုရဲမှူးကြီး ကျော်ဇင်မြင့် ဆိုသူက မန္တလေးတိုင်းမှာ အနေကြာ တာဝန်ထမ်းဆောင်ခဲ့တယ် ၊ အရင်က အမရပူရ ယာဉ်ထိန်း ၊ အဲ့ဒီနောက် အောင်မြေသာဇံ မြို့နယ်မှူး ၊ ရာထူးတိုးပြီး ချင်းပြည်နယ်မှာ တာဝန်ကျတယ် ၊ ချင်းပြည်နယ်မှာ မသွားရပဲ မန္တလေး ၊ တိုင်းမှုကူ တာဝန်ခံ လုပ်နေတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက မြင်းခြံနယ်ဘက်ကို စစ်ကြောင်း (လှုပ်ရှား) သွားရင်း မိုင်းထိမှန်ခဲ့တယ် ၊ အဲဒီနောက် မန္တလေးမှာ ဆေးကုသမှုခံယူနေတယ် ၊ သူက သွေးတိုး ၊ ဆီးချို ၊ နှလုံး ရောဂါအခံရှိသူလည်းဖြစ်တယ် ၊ ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိရပေမယ့် အသုဘရှု့ဖိတ်စာထဲမှာတော့ ၉၆ ပါးရောဂါနဲ့ ၂၃ ရက်က ဆုံးသွားတယ်လို့ ဖော်ပြထားတယ် ၊ သူ့ရဲ့ အသုဘအခမ်းနားကို ဒီကနေ့မှာ ပြုလုပ်တယ် “လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး လူမှုကူရက်ပေါ်မှာ ဖော်ပြထားတာက ” ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ အလယ်ပိုင်းတုန်းက မြင်းခြံ – မြို့သာလမ်းမှာ မိုင်းဆွဲခံရလို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာဖြစ်တယ် ” လို့ ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

ဒီနှစ်အတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ မတ် ၂၃ ရက်အထိ မြင်းခြံခရိုင်ထဲက မြို့နယ်တွေမှာ မိုင်းဆွဲခံတာနဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ အများအပြားရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်က ၊ မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ထိမ္မလာကျေးရွာအနီး ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၉ နဲ့ ၃၂၀ ကြား လမ်းလုံခြုံရေး ရဲကင်းတခုကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာရ တာတွေရှိတယ်လို့သိရပြီး ၊ မတ် ၈ ရက်ကလည်း အဲဒီနေရာနားမှာ မန္တလေးကနေ စစ်သည်တော်ကျင့်ဝတ် စာမေးပွဲဖြေဆိုပြီး မကေးွဘက်ကိုပြန်လာတဲ့ စစ်ကားတစီး မိုင်းထိမှန်လို့ လေကာမှန်ပျက်စီးခဲ့ပါသေးတယ်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြင်းခြံ- မြို့သာလမ်း၊ တူရွင်းဘို့ကျေးရွာနဲ့ သစ်ရုံကျေးရွာ ကြားမှာ မတ် ၁၁ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင် ခြောက်ဦး စီးနင်းလိုက်ပါလာတဲ့ (Kluger) ကလူဂါ အမျိုးအစား ကားကို PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်တယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်စလုံး ထိခိုက်သေဆုံးတယ် ၊ အဲ့ဒီ အပြင် ရဲတပ်ဖွဲ့ ဝင်တွေ ကိုင်ဆောင်ထားတဲ့ MA 1သေနတ် (၁)လက်၊ MA 2သေနတ် (၁)လက်၊ MA 3 သေနတ် (၁)လက်၊ G3 သေနတ် (၂)လက်၊ Type 81 သေနတ် (၁)လက် ၊ MA 5(ပစ္စတိုသေနတ်) (၁)လက် ၊ ၅.၅၆ မမ ကျည် (၉၆)တောင့် ၊ ၇.၆၂ ကျည် (၂၁၉)တောင့်၊ ကျည် ဘောက် (၁၃)ခု၊ ဖုန်း (၄)လုံး ၊ ပါဝါဘန့်ခ် (၁)လုံး၊ စကားပြောစက် (၁)လုံးနဲ့ ပိုက်ဆံတချို့ ပါသွားတယ်” လို့ ပြောပါတယ်။

ီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့သိမ်းဆည်းရရှိလာတဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံတကွ ထုတ်ပြန်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း ၂ နာရီဝန်းကျင်က ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မြင်းခြံ – ရေဝန်း ကားလမ်း ၊ ရွာကြီးကျေးရွာရဲ့ ရွာအဝင် ၊ ရေတွင်းပျက်နေရာ အနီးနေရာမှာ ဘုန်းကြီးကျောင်းကား တစ်စီး ပစ်ခတ်ခံရပြီး အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီးတပါး နဲ့၊ အမျိုးသမီး နှစ်ယောက် ၊ စုစုပေါင်း လူသုံးယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ ပြီးခဲ့တဲ့ ဇန္နဝါရီ ၂၂ ရက် ၊ညနေပိုင်းက မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ၊ လမ်းမှာ ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းနဲ့ သစ်ရုံကျေးရွာအနီး၊ မြင်းခြံ – မြို့သာ ကားလမ်း မှာက နောက်တလောင်း တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းကလည်း မြင်းခြံမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာအဝင် ၊ မြို့သာ – နဘူးအိုင် – မြင်းခြံ ကားလမ်းပေါ်မှာ လေးလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့ပါသေးတယ်။ အဲဒီ ဖြစ်စဉ်မှာ သေဆုံးသူတွေကတော့ ငါန်းဇွန်မြို့နယ် ၊ မင်းနေကုန်း ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲသုံးယောက်နဲ့ အရပ်သားတယောက်ဖြစ်ပြီး ၊ သူတို့ဟာ စခန်းအတွက် လက်နက်မဲ့ ဈေးဝယ်ထွက်သွားရင်းကနေ ပစ်သတ်ခံရတာလို့ သိရပါတယ်။

ဒါကြောင့် ဒီရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်ထဲက ဆက်သွယ်ရေးကားလမ်းတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားတာကြောင့် ဘုန်းကြီးတပါးအဝင် ၊ အရပ်သားတွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW