ရခိုင်နဲ့ ကယားရှိ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရှားပါးမှုပြဿနာ ပိုမိုဆိုးဝါးလာ
မတ် ၂၈ – ၂၀၂၄
SN (VOM)
ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်အပြင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုဒဏ်ကို ပိုမို ဆိုးရွားစွာ ကြုံတွေ့လာနေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ပဋိပက္ခတွေ ကြာမြင့်လာတာနဲ့အမျှ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရှားပါးမှုပြဿနာ ပိုမိုဆိုးဝါးလာပြီး ထောက်ပံ့ကူညီမှုတွေ လျော့နည်းကျဆင်းလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations OCHA Myanmar) ရဲ့ မနေ့ မတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ယာယီရွှေ့ပြောင်းစခန်းတွေမှာ နေထိုင်နေရသူတွေအတွက် အစစအရာရာ ရှားပါးနေတဲ့ကာလမှာ သောက်သုံးရေ ရှားပါးလာမှုက အဓိက စိုးရိမ်စရာဖြစ်လာတယ်” လို့ UNOCHA Myanmar က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လူပေါင်း တသိန်းလေးသောင်း ရှစ်ထောင် ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ UNOCHA Myanmar က ခန့်မှန်းထားပါတယ်။
ရခိုင်ပြည်နယ်သာမကဘဲ တိုက်ပွဲဖြစ်ပွားတဲ့ မြန်မာနိုင်ငံတဝန်းက စစ်ဘေးရှောင်တွေအတွက် သောက်သုံးရေ၊ သန့်ရှင်းတဲ့ရေ ရရှိဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။
ကရင်နီ (ကယား) ပြည်နယ်မှာလည်း စစ်ရေးပြင်းထန်နေပြီး စစ်ရှောင်တွေ ပိုမိုများပြားလာတာကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
“သောက်သုံးရေကတော့ ဒီဘက်ခြမ်းက နှစ်တိုင်းရေရှားတယ်။ တူးလို့လည်း မရဘူး။ လောလောဆယ်ကတော့ ရေကားကမရှိတော့ ရေရောင်းတဲ့ကားတွေကို ပိုက်ဆံပေးပြီး ထည့်ခိုင်းရတာပေါ့။ ဒီမောဆို အရှေ့ဘက်တွေဆိုရင် တစီးကို ငါးသောင်းကနေ ခုနစ်သောင်းအထိ ရှိတယ်။ ဝေးရင်ဝေးသလိုပေါ့။ ဖရူဆိုဘက်ကျတော့ ရေထွက်နဲ့လည်း ဝေးတော့ ဈေးပိုဈေးကြီးတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေတဲ့ Karenni Hope အဖွဲ့ရဲ့ မြေပြင်တာဝန်ခံက ပြောပါတယ်။
အဲဒီလို ရေသယ်ယူရာမှာ တရက်ကို နှစ်ကန့်စာသာရပြီး စစ်ရှောင်အရေအတွက် တိုးလာတာကြောင့် လုံလောက်မှုမရှိဘူးလို့ သူက ပြောပါတယ်။
စစ်ရှောင်အရေအတွက်မှာ အရင်က သုံးသောင်းဝန်းကျင်လောက်သာ ရှိပေမယ့် လက်ရှိမှာ ရှစ်သောင်းဝန်းလောက်အထိ တိုးလာတယ်လို့ သူက ပြောပါတယ်။
ကရင်နီ စစ်ရှောင်တွေအနေနဲ့ သောက်သုံးရေ အခက်အခဲကို အခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလ၊ မတ်လမှစတင်ပြီး မေလအထိ ကြုံတွေ့နေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း အခုလိုကာလမှာ သောက်သုံးရေ ရှားပါးမှုကြောင့် ကျောက်ရောဂါ ဖြစ်ပွားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW