ဒီနှစ်သင်္ကြန်ပွဲ နွှဲကြမယ့် မဏ္ဍပ်တွေ ဆောက်လုပ်နေတဲ့ မန္တလေး

 

မန္တလေး၊ ဧပြီ- ၂- ၂၀၂၄

SA(VOM)

မန္တလေးမြို့မှာကျင်းပမယ့် သင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့တော်ဝန် မဏ္ဍပ်အပြင် မြို့အနှံ့မှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနဲ့ စတုဒိတာမဏ္ဍပ် အများအပြားဆောက်လုပ်နေကြပြီး တချို့မဏ္ဍပ်တွေလည်း ဆောက်လုပ် ပြီးစီးနေပြီဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်ပွဲ နွှဲကြမယ့် မဏ္ဍပ်တွေ ဆောက်လုပ်နေတဲ့ မန္တလေး

မန္တလေးကျုံးမြို့ရိုးပတ်လည်မှာ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်အကြီး ၁၂ ခု၊ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၄ ခု ရှိတယ်လို့ မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီကနေ သိရပါတယ်။

ကျုံမြို့ရိုးအရှေ့ဘက်ခြမ်း ၆၆ လမ်းပေါ်၊ ၁၂ လမ်းကနေ ၂၆ လမ်းအထိ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်အကြီး ၄ ခု၊ ၁၂ လမ်းနဲ့ ၁၉ လမ်းကြား ၆၆ လမ်းပေါ်မှာ ရေကစားမဏ္ဍပ်အကြီး ၂ ခု၊ ၁၉ လမ်းနဲ့ ၂၆ လမ်းကြား ၆၆ လမ်းပေါ်မှာ ရေကစားမဏ္ဍပ်အကြီး ၂ ခု ပါဝင်မှာဖြစ်ပြီး ရေကစားမဏ္ဍပ် အသေး ၁၀ ခု ရှိမှာဖြစ်ပါတယ်။

ကျုံးတောင်ဘက်အခြမ်းဖြစ်တဲ့ ၂၆ လမ်းပေါ်၊ ၆၆ လမ်းနဲ့ ၇၈ လမ်းအထိ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်အကြီး ၈ ခု၊ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် အသေး ၄ ခု၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဗဟိုမဏ္ဍပ်အပါဝင် ၂၆ လမ်းပေါ်မှာ မဏ္ဍပ်အကြီး ၉ ခုရှိတယ်လို့ သိရပါတယ်။

ကျုံးပတ်လည် လည်ပတ်ကြမယ့် ပြည်သူတွေအတွက် ၆၆ လမ်းမှာ လက်ယာရစ်အတိုင်း မော်တော်ကားတွေကို ၁၂ လမ်းကနေ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး မော်တော် ဆိုင်ကယ်တွေကိုတော့ လုံးဝ ပေးဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

၂၆ လမ်း လမ်းလျှောက်သင်္ကြန်ကိုတော့ ၆၆ လမ်း ၂၆ လမ်းထိပ်ကနေ ဝင်ခွင့်ပြုမှာဖြစ်ပြီး ပွဲတော်အတွင်းကို တုတ်၊ ဓား၊ လက်နက် ယူဆောင်ခွင့်လုံးဝခွင့်ပြုမှာမဟုတ်ဘဲ တွေ့ရှိရင် တည်ဆဲဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

လမ်းလျှောက်သင်္ကြန်ဖြစ်တဲ့ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား ၇၁ လမ်းပေါ်မှာလည်း လူ ၅၀၀ တပြိုင်တည်း စားသောက်နိုင်တဲ့ စတုဒိတာမဏ္ဍပ်အကြီးတခုလည်း တည်ဆောက်ထားပြီး သင်္ကြန်အကြိုနေ့ကစလို့ သင်္ကြန်အတက်နေ့အထိ ထမင်းဟင်းတွေ ကျွေးမွေးနိုင်ဖို့ စီစဥ်ထားတယ်ဆိုတဲ့အကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြား ရေးဌာန ဦးစီးမှူး ဦးတင်ထွန်းဦးက VOM ကိုပြောပါတယ်။

“မန္တလေးသင်္ကြန်ကတော့ တနိုင်ငံလုံးရဲ့ သင်္ကြန်လိုပါပဲ သင်္ကြန်ဆိုတာနဲ့ အားလုံးက မန္တလေးကို ပြေးမြင်ကြတာပဲလေ ဒီနှစ်မှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံမှုနဲ့ ထူးထူးခြားခြား စည်ကားအောင် ပျော်ရွှင်အောင် စီစဥ်ဆောင်ရွက်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနှစ်မှာ ထူးခြားပြီး ပျော်ရွှင်ရမယ့် မန္တလေးသင်္ကြန်ကို လာရောက်လည်ပတ်ဖို့အတွက် ကျနော့အနေနဲ့ ဖိတ်ခေါ်ပါတယ်” လို့ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးဌာန ဦးစီးမှူး ဦးတင်ထွန်းဦးက VOM ကိုပြောပါတယ်။

ဒါ့အပြင် မန္တစျေးချိုတော်မှာ စျေးချိုသူရေကစားမဏ္ဍပ်၊ ကမ်းနားလမ်းမှာ ၂၆ လမ်းကနေ ၃၅ လမ်းအထိ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ် အကြီး ၃ ခု ပါဝင်မှာဖြစ်ပြီး မင်္ဂလာမန္တလေးမှာ လမ်းလျှောက်သင်္ကြန်အပါဝင် စတုဒိတာမဏ္ဍပ်တွေအပြင် ဖျော်ဖြေရေးပါဝင်တဲ့ရေကစားမဏ္ဍပ်အကြီးတခု တည်ဆောက်ထားတာဖြစ်ပါတယ်။

သင်္ကြန်ပွဲတော် ကျင်းပနိုင်ဖို့အပြင် နှစ်ဆန်းတရက်နေ့မှာလည်း သံဃာတော် (၁၀၈)ပါးနဲ့ပရိတ်တရားရွက်ဖတ်ပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွဲနဲ့ ဇိဝိတဒါန ငါးလွှတ်ပူဇော်ပွဲတွေကိုပါ ထည့်သွင်းကျင်းပနိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW