အယ်လ်နီညို အရှိန်ကြောင့် အပူချိန်မြင့်တက်မှုနဲ့အတူ သက်ရောက်မှုတွေ ဆက်လက်ရှိနိုင်

ဧပြီ ၂ – ၂၀၂၄
SN (VOM)
အယ်လ်နီညိုရာသီဖြစ်စဉ်ဟာ လက်ရှိမှာ အားလျော့ကျတဲ့ဘက်ကို ဦးတည်နေပေမယ့် သက်ရောက်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
“ပုံမှန်အားဖြင့် အပူချိန်မြင့်တက်တဲ့ မြန်မာ့နွေရာသီမှာ အီကွေတာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေပြင် ပိုပူနွေးမှုကြောင့် ဖြစ်ရတဲ့ အယ်လ်နီညိုရာသီဖြစ်စဉ်က လက်ရှိမှာတော့ အားလျော့ကျတဲ့ဘက်ကို ဦးတည်နေပေမယ့် သက်ရောက်မှုတွေက ဆက်ရှိနေမှာဖြစ်ပါတယ်။
လက်ရှိမှာလည်း နေ့အပူချိန် စံချိန်သစ်တွေတင်တဲ့ ဒေသတွေ နေ့စဉ် ထုတ်ပြန်ပေးနေတာ တွေ့ရမှာဖြစ်ပါတယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
မိုး/ဇလရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့၊ နေ့အပူအချိန် စံချိန်သစ်တင်တဲ့ ဒေသတွေကတော့ ချောက်၊ ဇောင်းတူ၊ ရေးမြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၃၁ ရက်မှာ ချောက်မြို့ရဲ့ နေ့အပူချိန်ဟာ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပြီး နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ဖြစ်ကာ အရင် စံချိန်ကျိုးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၊ နေ့အပူချိန်ကတော့ ၄၅ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
ဇောင်းတူမြို့ရဲ့ နေ့အပူချိန် စံချိန်သစ်ကတော့ မတ်လ ၃၁ ရက်မှာ ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ် ဖြစ်ကာ နှစ်ပေါင်း ၃၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး အရင် စံချိန်ကျိုးခဲ့တဲ့ ၂၀၀၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ နေ့အပူချိန်ကတော့ ၄၀ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
ရေးမြို့ရဲ့ နေ့အပူချိန် စံချိန်သစ်ကတော့ မတ်လ ၃၁ ရက်မှာ ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ဖြစ်ကာ နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး အရင် စံချိန်ကျိုးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ နေ့အပူချိန်ကတော့ ၃၉ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
“ခုလိုနွေကာလနဲ့ မိုးကြိုကာလ ရာသီအကူးအပြောင်း ကာလမှာ အဓိက မိုးလေဝသဆိုင်ရာဘေး သုံးခုကို သတိပြုသင့်ပြီး သက်ဆိုင်ရာဌာနတွေရဲ့အကြံပြု နှိုးဆော် တိုက်တွန်းချက်တွေကို ဆောင်ရွက်သင့်ပါတယ်။ မိုးလေဝသဆိုင်ရာဘေးတွေကတော့ အပူလွန်ကဲခြင်း၊ လေထုမတည်ငြိမ်မှုများလို့ အားကောင်းတဲ့ မိုးတိမ်တောင်ကြီးတွေကြောင့် မိုးကြိုးပစ်၊ လေပြင်းတိုက်၊ မိုးသီးကြွေ၊ တခါတရံ လေဆင်နှာမောင်းတိုက်ခတ်တတ်ခြင်းနဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းတွေ ဖြစ်ပေါ်နိုင်မှုတို့ပဲ ဖြစ်ပါတယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ မတ်လ ၂ ရက်၊ မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ စတင် ဖြစ်ထွန်းလျက်ရှိတယ်လို့ သိရပါတယ်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နေ့အပူချိန်တွေ အနည်းငယ် တိုးလာနိုင်တယ်လို့ သိရပါတယ်။
ဧပြီလ (ပထမ) ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ မိုးရွာသွန်းမှုအခြေအနေကတော့ ကချင်ပြည်နယ်မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ တနင်္သာရီတိုင်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
မိုးရွာရက်အနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ သုံးရက်မှ ခြောက်ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ တရက်မှ နှစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဧပြီလ (ပထမ) ဆယ်ရက်ပတ်အတွက် နေ့အပူအချိန် ခန့်မှန်းချက်တွေအနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် (ဒါမှမဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နဲ့အထက် ပိုနိုင်ပြီး ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာ ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ ဧပြီလနဲ့ မေလအတွင်း နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ နွေကာလဖြစ်တဲ့ ဧပြီလနဲ့ မေလတွေအတွင်း ဖြစ်ပေါ် လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အထူးဂရုပြု နေထိုင်ကြဖို့ လိုအပ်ပြီး ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းခရီးစဉ်များအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။
Photo: မိုးဇလ/DCA

Related posts

Leave a Comment

VOM News

FREE
VIEW