AA က အမ်း-ပဒါန်းကားလမ်းကို ဒီနေ့ကစပြီး အကန့်သတ်မရှိ ပိတ်

ရခိုင် ၊ဧပြီ ၂ -၂၀၂၄
GG (VOM)
ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းဆက်သွယ်ထားတဲ့ အမ်း – ပဒါန်း ကားလမ်းကို ဒီနေ့ ဧပြီလ ၂ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း AA ဘက်က အရေးပေါ်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ရက္ခိုင်ပြည်၊ အမ်းမြို့ နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းမှာ စစ်တပ်က စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာ နဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားနဲ့ သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ် မိုင်းထောင်ထားခြင်းတွေ ကို ပြုလုပ်နေတာကြောင့် အဆိုပါကားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ စတင် ဖြစ်ပွားလာပြီဖြစ်လို့ အမ်း-ပဒါန်း ကားလမ်း ကို အကန့်အသတ်မရှိ ပိတ်လိုက်တာဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
” အမ်းကလူတွေ ပဒါန်းကိုပဲအဓိကအားကိုးနေရတာ ၊ ခုတော့ ဒုက္ခရောက်ပြီပေါ့။ AA က အမ်းကိုထွက်ပေါက်ပိတ်လိုက်တဲ့သဘောပဲ၊ အမ်းက တာဝန်ရှိတဲ့သူတွေကိုလည်း လက်နက်ချဖို့ AAဘက်ကပြောထားတယ်။အခုအခြေအနေကပိုတင်းမာ လာဖို့ပဲရှိမယ်။ခုတောင်ဒုက္ခရောက်နေတာပိုဆိုးဖို့ပဲရှိတယ် ” လို့ အမ်းဒေသခံတယောက်ကပြောပါတယ်။
ရက္ခိုင်ပြည်နယ် အမ်း နဲ့ မကွေးတိုင်းအကြားလမ်းကြောမှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေက မတ်လ ၂၆ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့အထိလည်း ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့သိရပါတယ်။
အမ်းမြို့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး နပခ ဌာနချုပ်၊ အမတ ၃၇၄၊ စကခ ၅ လက်အောက်ခံ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းဌာနချုပ်တွေနဲ့ လက်ရုံးတပ်တွေရှိပြီး AA က နပခကို လက်နက်ချဖို့ အသိပေးမှုတွေလုပ်ထားတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ်အကြား တကျော့ပြန်တိုက်ပွဲတွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်ကနေစပြီး ဒီနေ့ ဧပြီလ ၂ ရက်အထိ ရခိုင်ပြည်နယ်ကို ကုန်းကြောင်း၊ရေကြောင်းကနေပါ ဝင်ထွက်သွားလာခွင့်ကို နစက ဘက်မှပိတ်ထားပါတယ်။
တိုက်ပွဲကာလ လေးလကျော်ကာလအတွင်းမှာ AA က ရခိုင်ပြည်နယ်ထဲက ပလက်ဝမြို့နယ်၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ မြေပုံမြို့ နယ်နဲ့ ရမ်းဗြဲမြို့တွေကို ထိန်းချုပ်ထားတယ်လို့သိရပါတယ်။
AA နဲ့ စစ်နပ်အကြား တိုက်ပွဲကာလကြာရှည်လာတာနဲ့အမျှ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်နေသလို ဒေသတွင်းထွက်ကုန်ပစ္စည်းတွေလည်း အခြားဒေသကိုတင်ပို့ရောင်းချနိုင်ခြင်းမရှိကြောင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူလည်း တသိန်းကျော်အထိရှိလာနေတယ်လို့ ကုလသမဂ္ဂ ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင်တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်သေဆုံးသူတွေ ၊ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့သလို နေအိမ်မီးလောင်ပျက်စီးမှု ၊ဒေသခံပြည်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေလည်း အများအပြားရှိခဲ့တယ်လို့သိရပါတယ်။
Photo – ပေါက်တူး

Related posts

Leave a Comment

VOM News

FREE
VIEW