ပြည်ခရိုင်မှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့အပြင် အုပ်ချုပ်ရေးမှူးနဲ့ စစ်မှုထမ်းဟောင်းတွေပါ အသတ်ခံရ

ပြည် ၊ ဧပြီ ၃ – ၂၀၂၄
GG (VOM)
ပဲခူးတိုင်းအနောက်ခြမ်း ၊ ပြည်ခရိုင်ထဲမှာ နယ်မြေခံ PDF အဖွဲ့တွေနဲ့စစ်တပ်အကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေသလို စစ်မှုထမ်းဟောင်းနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စစ်တပ်သတင်းပေးသူတွေလည်း အသတ်ခံနေရတယ်လို့သိရပါတယ်။
ခုရက်ပိုင်း ဧပြီလ ၂ ရက်နေ့မှာ ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့နယ်က စစ်မှုထမ်းဟောင်းသားနဲ့ အဖေဖြစ်သူ အုပ်ချုပ်ရေးမှူးတို့ သတ်ဖြတ်ခံရပြီး မတ်လ ၃၀ ရက်ကလည်း ပြည်ခရိုင်ပေါင်းတည်မြို့က စစ်တပ်သတင်းပေးဆိုသူအမျိုးသားတဦး အသတ်ခံခဲ့ရ တယ်လို့ သိရပါတယ်။
” မနေ့က ညက ညောင်ပင်အင်းအုပ်ကြီးနဲ့သူ့သားအသတ်ခံရတယ်။ သူတို့ကို Pdf တွေကစစ်ဆေးဖို့ဆိုပြီး.သူတို့အိမ်မှာလာခေါ်သွားတာ၊ လမ်းရောက်တော့ ထွက်ပြေးဖို့လုပ်လို့သတ်လိုက်တာဆိုပြီး ထုတ်ထားတာတွေ့ရတယ်။သူ့သားက အရင်က တပ်ကြပ်ကြီး ၊နှစ်ယောက်လုံး သေသွားပြီ ၊ကျနော်တို့ပေါက်ခေါင်းဘက်မှာကတော့ ပဲခူးရိုးမလည်းရှိတော့ တိုက်ပွဲတွေက ခဏခဏဖြစ်နေတာပဲ၊တချို့ဆို ရှောင်နေလိုက်၊အိမ်ပြန်လာလိုက်လုပ်နေကြတာ ” လို့ ပေါက်ခေါင်းမြို့ဒေသခံတ​​ယောက်ကပြောပါတယ်။
မတ်လ ၂၆ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့ပေါ်က အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲခဲ့ပြီး ပေါက်ခေါင်းရဲစခန်းအနီးကလည်းမပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့ရပါတယ်။
အလားတူ ပြည်ခရိုင် သဲကုန်းမြို့နယ်မှာလည်း မတ်လ ၂၁ ရက်နေ့က စစ်မှုထမ်းဖို့အတွက် လူစာရင်းကောက်ပြီးပြန်လာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးမှုရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားမှုတွေအနေနဲ့ကတော့ မတ်လ အတွင်းမှာ ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊သစ်ပုတ်ရွာ၊ အလယ်ရွာနဲ့ရုပ်ဆိုင်ရွာကြား အပါအဝင် ေပါက်ခေါင်းမြို့ ၊အောင်သပြေရွာနဲ့ ပဲခူးရိုးမပေါ်မှာ PDF နဲ့စစ်တပ်အကြားတိုက်ပွဲတွေဖြစ်ပွားပြီး နှစ်ဖက်လုံးမှာ အထိခိုက် ကျဆုံးရှိခဲ့တယ်လို့သိရပါတယ်။
ပဲခူးတိုင်းတခုလုံးမှာတော့ မတ်လ ၁၄ ရက်နေ့ကနေ မတ်လ ၂၀ ရက်အထိ တပတ်အတွင်းမှာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး၊ ရပ်ကျေးစာရေး၊ ကျောင်းဆရာမ၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေ ၊နိုင်ငံရေး ပါတီဝင်၊ စစ်တပ်သတင်းပေးဆိုသူ အပါအဝင် လူပေါင်း ၉ ယောက်ပစ်သတ်ခံခဲ့ရပါတယ်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုကိုတော့ သက်ဆိုင်ရာ နယ်မြေခံ PDF အဖွဲ့တွေကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းထုတ်ထားတာတွေ့ရပါတယ်။
Photo: ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW