မုံရွာ လူပြန်ပေးဆွဲတဲ့ဖြစ်စဥ်မှာ လုံခြုံရေးအဖွဲ့နဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ ပြန်ပေးဆွဲအဖွဲ့က နှစ်ယောက်သေဆုံး

ဧပြီ ၊ ၅ ၊ ၂၀၂၄
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ ၊ ကန်သာဦး(အင်းရွာသစ်) ရပ်ကွက်၊ အင်းရွာသစ် – တောင်ပလူ သွားလမ်းမှာ ဒီကနေ့မနက် ၆ နာရီခွဲဝန်းကျင်ကပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဒီမနက် အစောပိုင်းက ပစ်ခတ်သံတွေကြားရတယ် ၊ လူပြန်ပေးဆွဲသွားတဲ့အဖွဲ့နဲ့ နစက လုံခြုံရေး အဖွဲ့တွေ ပစ်ကြတာလို့ သိရတယ် ၊ ကနဦး သိရတာက လူပြန်ပေးဆွဲခံရတဲ့ဘက်က လူနှစ်ယောက်သေပြီး လက်နက်ခဲယမ်းတွေ ကျန်ခဲ့တယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” အင်းရွာသစ် – တောင်ပလူ လမ်းမှာ ပစ်ခတ်မှုဖြစ်စဥ် ဒီမနက်က ဖြစ်တယ် ၊ ပြန်ပေးဆွဲဖမ်းဆီးလာတဲ့ ကားနှစ်စီးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ကြတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ မုံရွာပြည်သူ့ဆေးရုံက ဝန်ထမ်းတဦးနဲ့ သူ့မိန်းမဖြစ်သူ အပါအဝင် ပြည်သူနှစ်ယောက်ကို အထိခိုက်မရှိ ကယ်ဆယ်နိုင်ခဲ့တယ် “
လူပြန်ပေးဆွဲတဲ့အဖွဲ့က အမျိုးသား အလောင်း နှစ်လောင်း ၊ M4 A1 သေနတ် ၁ လက် KA သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၃ လက် ၊ M4 A1 ကျည်အိမ် ၂ ခု ၊ KA ကျည်အိမ် ၁ ခု ၊ M 16 ကျည်အိမ် ၃ ခု ၊ ၅.၅၆ မမ ကျည် ၃၅၀ တောင့် ၊ AK ကျည် ၅၀ တောင့် ၊ ၁၂ဗို့ ကျည် ၃တောင့် ၊ Voxy အနက်ရောင်ကား ၁ စီး ၊ Mark 2 ခဲရောင်ကား ၁ စီး သိမ်းဆည်းရမိတယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၃ ရက် ၊ နေ့လယ်ပိုင်းက မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နာရီစင်နဲ့ ကြေးရုပ်ကြားမှာရှိတဲ့ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး ၊ ဘဏ်မန်နေဂျာ အမျိုးသမီးဖြစ်သူကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးခံရတာ ပြန်လွတ်တယ်လို့ မသိရသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ၊ မတ် ၁၄ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ ဆယ်ပေါက်တွဲလမ်းမှာနေတဲ့ မုံရွာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ လဝကမှူး ဦးအောင်မိုးဝင်း ဆိုသူကို သူ့ရဲနေအိမ်မှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ လူငါးယောက်က AD VAN ကားတစီးနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လဝက အသိုင်းအဝိုင်းဆီက သိရပါတယ်။
” မုံရွာမြို့ပေါ်က နာမည်ကြီး ရှေ့နေတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ အိမ်ဝန်းခြံမြေ ပွဲစားတွေ ၊ ဟိုတယ်လုပ်ငန်းရှင်တွေ ၊ ရေနံလုပ်ငန်းရှင်တွေ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာတွေ ရှိတယ် ၊ ပိုက်ဆံနဲ့ရွေးထုတ်ရတယ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက လူပြန်ပေးဆွဲ အဖွဲ့စခန်းတခု သိမ်းဆည်းရမိတယ် ၊ အဲ့ဒီမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရသူ ခြောက်ယောက်နဲ့ ကား ခုနှစ်စီး သိမ်းဆည်းကယ်တင်နိုင်ခဲ့တာ ရှိတာသိရတယ် “လို့ မုံရွာဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကစလို့ ဒီကနေ့အထိ မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ ၅၀ ကျော်ရှိပြီး အဲ့ဒီထဲက နစက အဖွဲ့က ကယ်တင်ပေးနိုင်တဲ့သူတွေရှိသလို ၊ တချို့လည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ငွေပေးပြီး ဖြေရှင်းခဲ့ရသူတွေလည်း ရှိတဲ့အပြင် တချို့လည်း ဆက်သွယ်မရတော့တာကြောင့် အခုထိ သေသလား ၊ ရှင်သလား မသိရတော့ဘူးလို့ ကာယကံရှင် မိသာစုတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ ၊ ဒီမနက် မုံရွာ ပစ်ခတ်မှုဖြစ်စဥ်ကမြင်ကွင်း ( ဒေသခံ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW