မြောင်းတကာစက်မှုဇုန်က မွေးမြူရေးအစာစပ်စက်ရုံ မီးလောင်မှု အလုပ်သမား တယောက်သေ ၊ လေးယောက်ဒဏ်ရာရ

ရန်ကုန် ၊ ဧပြီ ၈ – ၂၀၂၄
GG(VOM)
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာစက်မှုဇုန်ထဲက JAPFA ကြက်အစာစပ်စက်ရုံ မီးလောင်မှုမှာ ဝန်ထမ်းအမျိုးသားတယောက်သေဆုံးခဲ့ပြီး နောက်ထပ်ဝန်ထမ်းလေးယောက်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
မွေးမြူရေးအစာစပ်စက်ရုံမှာ မီးလောင်စဥ် စက်ရုံရဲ့အမြင့်ဆုံးအထပ်ဖြစ်တဲ့ ငါးလွှာလောက်မှာရောက်ရှိနေတဲ့ ဝန်ထမ်းအမျိုးသားက မီးအပူရှိန်နဲ့ မီးခိုးမွှန်တဲ့ဒဏ်တွေကြောင့် အပေါ်ဆုံးအလွှာကနေ ခုန်ချခဲ့ရာမှ မီးလောင်မှုဒဏ်ရာ၊ခုန်ချဒဏ်ရာတွေကြောင့်ဆေးရုံပို့စဥ်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” မီးလောင်တဲ့အချိန် သူက အစာစပ်စက်ရုံရဲ့ငါးလွှာလောက်ရှိမှာပေါ့အဲ့မှာရောက်နေတာ၊ မီးကအောက်ခြေကနေလောင်ပြီးအပေါ်ကိုလှိုက်တက်တော့ နောက်ဆုံးအပူဒဏ် မခံနိုင်ဘဲ အပေါ်ဆုံးက JAPFA စာတန်းနားကနေ ခုန်ချတာပေါ့။သေသွားတယ်။ကျန်ဒဏ်ရာရသူကနောက်ထပ်လေးယောက်လောက်ရှိမယ်၊အရမ်းဆိုးဆိုးဝါးဝါးမရှိဘူး။လှေခါးကပြန်ဆင်းချိန်ဖြစ်တာပေါ့။ စက်ရုံကတော့ အစားစပ်တဲ့နေရာပေါ့။အထဲမှာအစာစပ်တဲ့ဖိုတွေရှိတယ် အဲ့နေရာအဓိကလောင်တာပေါ့။အောက်ကနေစလောင်တာ မီးညွှန့်ကအပေါ်ကိုတက်သွားတာအပြင်ကိုမထွက်ဘူး” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မှော်ဘီမြို့နယ် မြို့မလူမှုကူညီရေးအသင်းတာဝန်ရှိတဦးကပြောပါတယ်။
သေဆုံးသူအမျိုးသားက အသက် ၄၂ နှစ်အရွယ် ဦးမင်းမင်းသန့်ဆိုသူဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရသူတွေကလည်းအမျိုးသား ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ သေဆုံးသူအမျိုးသားနဲ့ ဒဏ်ရာရအမျိုးသားတွေက တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ အခ​ျိန်ပိုဆင်း အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေဖြစ်ပြီး သေဆုံးသူ၊ဒဏ်ရာရသူနဲ့ပတ်သက်လို့ စက်ရုံဘက်က နစ်နာကြေးပေးဆောင်ခြင်းရှိမရှိကတော​့မသိရသေးပါဘူး။
စက်ရုံမီးလောင်မှုက ဝါယာရှော့ကတဆင့်မီးလောင်တာဖြစ်ကြောင်း၊လက်ရှိမှာတော့ မီးလောင်မှုနဲ့ပတ်သက်ပြီး စက်ရုံ ထုတ်လုပ်မှုမန်နေဂျာဖြစ်သူ ဦးအောင်ဟိန်း ကို ပုဒ်မ ၂၈၅၊ ၃၀၄-က၊ ၃၃၇ နဲ့ အမှုဖွဲ့ကာ တရားစွဲဆိုနိုင်ရေး စစ်ဆေးနေတယ်လို့သိရပါတယ်။
အဆိုပါမွေးမြူရေးအစာစပ်စက်ရုံ JAPFA စက်ရုံဟာ ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာမီးလောင်ကျွမ်းခဲ့ပြီး ညနေ ၅ နာရီကျော်လောက်မှသာမီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် အချိန်တစ်နာရီနီးပါးမီးလောင်ကျွမ်းခဲ့ရတာဖြစ်ပြီး စက်ရုံမီးလောင်မှုနဲ့ပတ်သက်လို့ သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့သက်ဆိုင်ရာတွက်ချက်နေဆဲဖြစ်တယ်လို့သိရပါတယ်။
မီးလောင်မှုကိုတော့ မြောက်ပိုင်းခရိုင်မီးသတ်၊ မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှည်းကူးနဲ့ ပုလဲအရန်မီးသတ်တို့က မီးသတ်ယာဉ် ၁၃ စီး လာရောက်ငြှိမ်းသတ်ခဲ့ပြီး လူမှုကူညီရေးအသင်းတွေကလည်းပူးပေါင်းပါဝင်ငြိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။
Photo – မြို့မလူမှုကူညီအေသင်း

Related posts

Leave a Comment

VOM News

FREE
VIEW