မန္တလေးက လင်းလက်ဝါ ရွှေပန်းတိမ် လုပ်ငန်းကို ရဲအယောင်ဆောင်ကာ ဓားပြတိုက်ခဲ့သူ ခုနှစ်ယောက် ဖမ်းဆီးရမိ

ဧပြီ ၊ ၉ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ ၊ ၂၂ လမ်း ၊ ၈၉ ၊ ၉၀ ကြား ၊ အကွက်အမှတ် ၁၉၃ ၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်မှာရှိတဲ့ လင်းလက်ဝါ ရွှေပန်းတိမ် အလုပ်ရုံတခုကို ပြီးခဲ့တဲ့ မတ် ၂၈ နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်က ရဲအယောင်ဆောင် အဖွဲ့က ဓားပြတိုက်သွားတဲ့ ဖြစ်စဥ် ၊ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အမှုနဲ့ ပတ်သက်လို့ ဧပြီ ၈ ရက် မနေ့က ကျူးလွန်တယ်လို့ ယူဆရသူ အမျိုးသား ခုနှစ်ယောက်ကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ မတ် ၂၈ ရက် ညနေပိုင်းက ဓားပြတိုက်ခံရတာပါ ။ ဓားပြလာတိုက်တဲ့ကားက မတ်တူးအဖြူရောင် ၊ ကားနံပါတ်ကို ဆေးသုတ်ပြီး ဖျက်ထားတယ် ၊ အဲ့ဒီကားပေါ်က ရဲဝတ်စုံ(နှစ်ပွင့်)နဲ့ တယောက်ပါလာတယ် ၊ နောက်ပြီး အရပ်ဝတ်နဲ့ လူလေးငါးယောက်ပါလာတယ် ၊ အဲ့ဒီဓားပြတွေက အိမ်ရှင်ဖြစ်သူတွေကို တွန်းထိုးရိုက်နှက်တယ် ၊ နောက်ပြီး နေအိမ် အပေါ်ထပ် ( တတိယထပ်) မှာရှိတဲ့ မီးခံသသေတ္တာကို ဖွင့်ခိုင်းတယ် ၊ အဲ့ဒီ သေတ္တာထဲက ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် နှစ်ပိသာနဲ့ ငါးဆယ် သား (နှစ်ပိသာခွဲ) ယူဆောင်သွားတယ် ၊ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အိမ်ရှင်က ရဲစခန်းကို အကြောင်း ကြားမှ အဲ့ဒါ ရဲအယောင်ဆောင် ဓားပြတွေဖြစ်တယ်လို့ သိရတယ် ” လို့ ဓားပြတိုက်ခံရတဲ့ ပန်းတိမ်အလုပ်ရုံနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီ ဖြစ်စဥ်ကို စုံစမ်းဖော်ထုတ်တဲ့အခါ ပြစ်မှုကျူးလွန်သူ အမျိုးသား ခုနှစ်ယာက်ကို သက်သေခံ ပစ္စည်းတွေနဲ့အတူ ဧပြီ ၇ ရက်က ဖမ်းဆီးရမိတယ် ၊ ဖမ်းဆီးရမိတဲ့ သူတွေကတော့ မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခ ရပ်ကွက်မှာနေတဲ့ မြတ်သူအောင်(၂၄)နှစ် ဆိုသူကို အရင်ဆုံး ဖမ်းမိတယ် ၊ သူရဲ့ ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာမှာနေတဲ့ ပန်းတိမ်လုပ်ငန်းရှင် စိုးမိုးဦး (၂၄)နှစ် ဆိုသူနဲ့သူနဲ့ တစ်ရွာတည်းနေ ညီထူးအောင်(ခ)ညီညီ(၂၃)နှစ် ဆိုသူကို ထပ်မံ ဖမ်းဆီးရမိတယ် ၊ အဲ့ဒီနောက် ၊ ပုသိမ်ကြီးမြို့နယ်၊ ကံကွဲကျေးရွာမှာနေတဲ့ ပန်းတိမ်လုပ်ငန်း လုပ်ကိုင်တဲ့ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့(၂၅)နှစ် ဖမ်းမိတယ် ၊ လုယက် ဓားပြတိုက်ဖို့ လက်ထောက်ချ သတင်းပေးခဲ့တဲ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက် (၂၁)၊ ဘုရားငါးဆူဝန်းမှာနေတဲ့ ပန်းတိမ်လုပ်ကိုင်သူ ကိုကိုနိုင်(ခ)ကိုနိုင် (၄၂)နှစ်၊ ဖမ်းဆီးရမိတယ် ၊ ဒါ့အပြင် တိုက်ရာပါ ရွှေထည်ပစ္စည်းတွေကို အရည်ကျို ပုံဖျက်ပေးတဲ့ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာမှာနေတဲ့ လက်သမားလုပ်ကိုင်သူ မင်းမင်းစိုး(ခ)တုတ်ကြီး(၂၃)နှစ် နဲ့ ဓားပြတိုက်ရာမှာ အသုံးပြုဖို့ ကားနဲ့ သေနတ်ဝယ်ပေးတဲ့သူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်မှာနေတဲ့ ထက်လှိုင် (ခ)ကိုလှိုင်ကြီး၊ ကားအရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ ၊ အဲ့ဒီ ခုနှစ်ယောက် ဖမ်းဆီးရမိတာ ဖြစ်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိတဲ့ ခုနှစ်ယောက်ကို အောင်မြေသာစံမြို့နယ် ၊ အမှတ် ၅ မြို့မရဲစခန်း ပထမသတင်းပေးတိုင်တန်းချက် အမှတ် (ပ) ၅၁ / ၂၀၂၄ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၂၅ ရက် မနက်ပိုင်းကလည်း မန္တလေးတိုင်း ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း ၃၁ နဲ့ ၃၂လမ်းကြားရှိ KBZဘဏ်မှာ သိန်းနှစ်ထောင့်ရှစ်ဆယ်ကျပ် ဓားပြတိုက်လုယက်ခံရတာဖြစ်ခဲ့ပါေသးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းက မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာရှိတဲ့ ‘ဆယ်သန်း’ရွှေဆိုင်မှာ ရွှေထည်နဲ့ ငွေသား သိန်း (၆၀၀၀) ကျော် ဓားပြတိုက်ခံရတယ် ၊ နောက်ပြီး အဲ့ဒီနေ့ ညပိုင်းက မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး – ပြင်စည်လမ်းပေါ်မှာ ရှိတဲ့ သဇင်ရွာက “ရွှေလွန်းနဒီ” ရွှေဆိုင်ပိုင်ရှင် ဦးမြင့်နဲ့ ဒေါ်သင်းနွယ်တို့ နေအိမ်မှာ ဓားပြတိုက်ခံရပြီး သိန်း ၂၀၀ ကျော်ဖိုး ပါသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် မှာ ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၃၀ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁နဲ့၄၂လမ်း ကြားက “ပေါ်ဦး “ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက် ၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်က ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် ၊ စိုက်ပျိုးရေးလမ်းမှာရှိတဲ့ ခရိုင်ကော်မရှင်ရုံး အိမ်ယာ ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဒုဦးစီးမှူးဦးကိုကိုဦးရဲ့နေအိမ်ထဲက ဌာနဆိုင်ရာ ဝန်ထမ်း အယောင်ဆောင်ပြီး လုယက် ၊ ဓားပြတိုက် ၊ လူပြန်ပေးဆွဲရာမှာ အသုံးပြုဖို့ စစ်တပ်ယူနီဖောင်းတွေနဲ့ ရဲယူနီဖောင်တွေအပါအဝင် လက်နက် ခဲယမ်းတွေ ဖမ်းဆီးရမိတဲ့ ဖြစ်စဥ်တခု ဖြစ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊ ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW