ရန်ကုန်မှာ YBS ကား ဘရိတ်ပေါက်ပြီး ကားငါးစီးဆင့်တိုက်လို့ ၁၅ ယောက် ဒဏ်ရာရမှုနဲ့ ကားမီးလောင်မှုတွေ ဖြစ်ပွားခဲ့

ဧပြီ ၁၀ – ၂၀၂၄
SN (VOM)
ရန်ကုန်မြို့မှာ နှစ်ရက်အတွင်း YBS ကား ဘရိတ်ပေါက်ပြီး ကား ငါး စီးဆင့်တိုက်လို့ ၁၅ ယောက် ထိခိုက် ဒဏ်ရာရမှုနဲ့ ကားမီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ‌ဧပြီ ၉ ရက်၊ ညနေပိုင်းက အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ် မှာ YBS ကားဘရိတ်ပေါက်ပြီး ကား ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ အောင်ဆန်းကားမှတ်တိုင်အနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး YBS – 77 ကား ဘရိတ်ပေါက်ပြီး YBS- 145 ကားကို ဝင်တိုက်မိကာ အဲ့ဒီ့ကနေတဆင့် နောက်ထပ် အိမ်စီးကားသုံးစီးကို ဆင့်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“လူနာ ၁၅ ယောက်က အကုန်လုံး သိပ်မစိုးရိမ်ရပါဘူး။ သွားနိုင်လာနိုင်တွေပါ။ ဒဏ်ရာရသူတွေကတော့ YBS ကားတွေပေါ်ကပါ။ အိမ်စီးကားကလူတွေကတော့ ထိတာမတွေ့ဘူး။ ဖြစ်တာကတော့ YBS နှစ်စီးနဲ့ အိမ်စီးကား သုံးစီးပေါ့။ YBS တစီးက ဘရိတ်ပေါက်ပြီး ဝင်တိုက်တာ။ ဘေးက ကွမ်းယာဆိုင်တွေဘာတွေလည်း ထိတယ်ပြောတယ်” လို့ တွဲလက် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ စာရင်းတွေအရ အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလဆန်းပိုင်းအထိ သုံးလအတွင်း YBS ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအဆင်းမှာ ဒီကနေ့ ဧပြီ ၁၀ ရက်၊ မနက်ပိုင်းအချိန်က YBS ၆၁ ကားတစီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ကားမီးလောင်မှုကို အနီးရှိ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အလားတူပဲ ဒီကနေ့ ဧပြီ ၁၀ ရက်၊ မနက်အစောပိုင်းမှာလည်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ဝါယာလက် (၂) လမ်းထိပ်မှာ ကားမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မီးလောင်ခဲ့တဲ့ကားဟာ ပရိုဘောက်အမျိုးအစားဖြစ်ပြီး ကားစက်နှိုးရာကနေ မီးလောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီကားမီးလောင်မှုမှာ ကားတစီးလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ရတဲ့အကြောင်းရင်းနဲ့
ဆုံးရှုံးမှုတန်ဖိုးကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မီးသတ်တပ်ဖွဲနဲ့ ဒေသတွင်း သတင်းတွေအရ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်အထိ မြန်မာနိုင်ငံတဝန်း ကားမီးလောင်မှု အကြိမ်ရေ ၂၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo: အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့/MFSD

Related posts

Leave a Comment

VOM News

FREE
VIEW