အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင် အဂတိကိစ္စနဲ့အမှုဖွင့်ခံရတဲ့ နောက်ကွယ်က ဘာလဲ

နေပြည်တော် ဧပြီ ၁၀-၂၀၂၄
KT(VOM)

ဧပြီ ၁၀ ရက်မနက်ပိုင်းက ဖမ်းဆီးခံရတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးလည်းဖြစ် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့် စစ်ဆေးနေပြီလို့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ဦးမြင့်လှိုင်ဟာ သူ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်း ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဥ်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ လယ်မြေ ၁၇၃၂ ဧကကို သူ့သားမက်နာမည်နဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့တာပေါ်ပေါက်လို့ အဂတိကော်မရှင် စစ်ဆေးရေးမှူးတဦးက အမှုဖွင့်တိုင်ကြားတာမို့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဦးမြင့်လှိုင်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တပ်မတော်ကနေ အငြိမ်းစားယူထားတဲ့ အဆင့်မြင့် အရာရှိကြီးတဦး သုံးသပ်တာက

” သူ့အပတ်စဥ် ၁၇မှာ သူက ထက်တယ် အရင်ဆုံးတပ်မမှူးဖြစ်ခဲ့သလို အရင်ဆုံး ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူပါ။ ခုကိစ္စ နောက်ကွယ်က အကြောင်းအရင်းက ဘာလဲမသိနိုင်ဘူး။ အခုလောက်ပမာဏ အဂတိအမှုတွေက ပြည်ထောင်စုအဆင့်မပြောနဲ့ ညွှန်မှူးအဆင့်လောက်စစ်ဆေးရင်တောင် အဂတိအမှုတွေက ပေါ်ပါတယ်။ ခုကိစ္စကတော့ အချင်းချင်းကြား ပြဿနာ တစုံတရာရှိပုံပေါ်ပါတယ်။ တဖက်ကလည်း ကျန်သူတွေကို သတိပေးချင်ပုံပေါ်ပါတယ်” လို့ သူ့အမြင်ကိုပြောပြပါတယ်။

ဦးမြင့်လှိုင်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က သူ့နေအိမ်မှာ ဖမ်းဆီးလိုက်ပြီး ပိုင်ဆိုင်မှုတချို့ချိပ်ပိတ်ခံထားရ
တာဖြစ်ပါတယ်။ စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ဟာ ထောင်ဒဏ် ၃နှစ် ကျခံရနိုင်ပါတယ်။

ဦးမြင့်လှိုင်ဟာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ အနားယူခဲ့သူဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှာ စစ်ဦးစီး အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ရှမ်းပြည်နယ် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဒက္ခိဏသီရိမြို့နယ်ကနေ ပြည်ခိုင်ဖြိုးပါတီပြည်သူ့ကိုယ်စားလှယ်အဖြစ် ယှဥ်ပြိုင်အနိုင်ရခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW