ထိုင်းကို MOU လုပ်သားစေလွှတ်မှု လေကြောင်းကနေ ပြောင်းလဲစေလွှတ်တော့မယ်

ရန်ကုန် ၊ ဧပြီ ၁၉ -၂၀၂၄
GG (VOM)
မြဝတီ – မဲဆောက်လမ်းကြောင်းကနေ ထိုင်းကို MOU စနစ်မြန်မာလုပ်သားစေလွှတ်မှု ခက်ခဲလာတာကြောင့် လေကြောင်းကနေသာ MOU လုပ်သား တရားဝင်ပို့ဆောင်သွားတော့မှာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက သိရပါတယ်။
MOU လုပ်သားတွေကို ခုလဧပြီလ ၂၉ ရက်နေ့ကစပြီး ရန်ကုန်ကနေ – ဒွန်းမောင်း လေကြောင်းခရီး စေလွှတ်မှာဖြစ်ပြီး အဲ့ဒီ လေဆိပ်ကမှ တဆင့် လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ကာ သက်ဆိုင်ရာလုပ်ငန်းခွင်တွေကိုသွားရောက်နိင်မှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ လေကြောင်းကနေပို့ဖို့အတွက် မြန်မာလုပ်သား တစ်ထောင်ကျော်လောက်ရှိထားပြီး ကနဦးအနေနဲ့ တစ်ရက်ကို အလုပ်သမား တစ်ရာကျော်ကိုစတင်စေလွှတ်မှာဖြစ်ပါတယ်။
” ဟုတ်တယ် အခုလေကြောင်းကနေပဲတရားဝင်လွှတ်ရမယ်၊ဆိုတော့ လေယာဥ်လက်မှတိယ်ခအပိုထပ်ကုန်တယ်ဆိုပေမယ့် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်တာပေါ့။မဟုတ်ရင် ခုကပြည်တွင်းက အခြေအနေကလည်း ဘယ်အချိန်ဘာဖြစ်မယ်မသိတော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး၊အခု လေကြောင်းကတော့ ငွေပိုကုန်ပေမယ့် အဆင်ပြေတယ်၊ကော့သောင်းကပို့ရတာလဲစရိတ်ကကုန်တာပဲဆိုတော့ အခုလေကြောင်းကုန်ကျမှုနဲ့သိပ်မထူးပါဘူး၊ ” လို့ ထိုင်းကိုအလုပ်သမားစေလွှတ်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီတခုကဆိုပါတယ်။
ထိုင်းကိုလုပ်သားစေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ အလုပ်သမား​တွေကို ပုဂ္ဂလိကလေကြောင်း ဒါမှမဟုတ် Charter လေကြောင်းလိုင်းနဲ့ စေလွှတ်နိုင်ပြီး MoU လုပ်သား​ေတွအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ ဗီဇာတောင်းခံရမှာဖြစ်တယ်လို့သိရပါတယ်။
နောက်ပြီး အေဂျင်စီအနေနဲ့ အလုပ်သမားဝန်ကြီးဌာနကို အနည်းဆုံး ၁၀ ရက် ကြိုတင်တင်ပြရမှာဖြစ်ပြီး အလုပ်သမားအမည်စာရင်း၊ လေကြောင်းလိုင်းအမည်၊ လေယာဉ်အမှတ်၊ လေယာဉ်အချိန် စတဲ့ အချက်တွေ ပူးတွဲ တင်ပြရမှာဖြစ်ပါတယ်။
ထိုင်းကို MOU စနစ်လုပ်သားစေလွှတ်မှုကို လေကြောင်းကနေခွင့်ပြုပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနဆီ တင်ပြထားတာ တစ်နှစ်ကျော်ကြာချိန်မှာ ပြည်တွင်းဖြစ်နေတဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြဝတီနယ်စပ်ကနေလုပ်သားစေလွှတ်ဖိူ့ခက်ခဲလာလို့ နှစ်နိုင်ငံအစိုးရအကြားသဘောတူညီမှုရပြီး လေကြောင်းကနေစေလွှတ် ခွင့်ပြုလိုက်တာဖြစ်တယ်လို့သိရပါတယ်။
အရင်က ထိုင်းကိုMOU လုပ်သားစေလွှတ်ရာမှာ မြဝတီ နယ်စပ်နဲ့ကော့သောင်းရနောင်းကနေ တင်ပို့နေတာဖြစ်ပြီး လက်ရှိမှာ မြဝတီနယ်စပ်ကအဆင်မပြေတာကြောင့် ကော့သောင်းရနောင်းနယ်စပ်ကနေသာ စေလွှတ်နေရတာဖြစ်ပါတယ်။
” အရင် ညမအမျိုးသားတုန်းက မြဝတီကနေသွားတာတောင် ၄၀ လောက်ကုန်တယ်။အခုညမလည်းသူ့နောက်လိုက်ဖို့ လုပ်နေတာ ကြာပြီတစ်နှစ်လောက်ရှိပြီ၊အခု ရှေ့လဆိုသွားရမယ်၊လေယာဥ်နဲ့သွားရမယ်ပြောလို့ လေယာဥ်လက်မှတ်ခဖိုးထပ်ပေးရမှာပါ။ညမတော့ ၅၀ ကျော်လောက်ကုန်ပါတယ်။ရန်ကုန်ကို ခဏခဏသွားရတဲ့ကုန်ကျစရိတ်ကလည်းမနည်းဘူး၊မြန်မြန်သွားရပြီးအလုပ်အမြန်လုပ်ချင်ပြီ” လို့ ထိုင်းသွားဖို့ စောင့်နေတဲ့ ပဲခူးတိုင်းကအမျိုးသမီးတဦးကပြောပါတယ်။
ထိုင်းကို MOU စနစ်နဲ့သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် အလုပ်သမားတဦးကို အရင်ကငွေကျပ် သိန်း၄၀ မှ ၅၀ အထိပေးဆောင်ရပြီး ခုကာလမှာတော့အဆိုပါပမာဏထက်ပိုပြီးကုန်ကျမှုရှိနေတယ်လို့သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာကတော့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တရားဝင်အလုပ်သွားလုပ်မယ်ဆိုရင် ​ထိုင်း SSB အကျုံးဝင်လုပ်ငန်းဖြစ်ပါက အလုပ်သမားတစ်ယောက်ကို ၃၀၀၀၀၀ သိန်းနဲ့ ၅၃၉၀ ဘတ် ကုန်ကျမှာဖြစ်ပြီး SSB အကျုံးမဝင်လုပ်ငန်းဖြစ်ပါက မြန်မာငွေ ၃သိန်းနဲ့ ဘတ်ငွေ ၇၆၀၀ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။
Photo – အလုပ်သမားသံအရာရှိရုံး

Related posts

Leave a Comment

VOM News

FREE
VIEW