KBC ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးဖို့ခေါ်သွားပြီးနောက် နေအိမ် ပြန်မရောက်သေး

ဧပြီ ၁၉၊ ၂၀၂၄
Shy V (VOM)
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ ဥက္ကဌဟောင်း ဆရာ Rev. Dr. ခလမ်ဆမ်ဆွန် နေအိမ် ပြန်မရောက်သေးကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။
“ဆရာ့ကို ပြန်လာ မပို့သေးဘူး။ ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) ခေါင်းဆောင်နဲ့အတူ ရိပ်သာ တခုမှာ ခေါ်နေနေတယ်တဲ့။ ဆရာ့ အမျိုးသမီးက နေအိမ် ပြန်ရောက်ပြီ။ ဘာမှ မဖြစ်ပါဘူး။ ဆရာ့ကို မေးမြန်း ယူစရာ ရှိ‌နေသေးတယ်ဆိုလို့ ခေါ်သွားတာ မတွေ့သေးဘူးတဲ့ အဲဒီ လူကြီးတွေနဲ့။ အရမ်း အလုပ်များနေတယ် ထင်တယ်။ အချိန် စောင့်ရအုံးမယ့် လို့ပြောတယ်။” လို့ နီးစပ်သူ တယောက်က ပြောပါတယ်။
ဧပြီလ ၁၇ ရက်နေ့ည ၁၁ နာရီခွဲ ဝန်းကျင်မှာ ဆရာ Rev. Dr. ခလမ်ဆမ်ဆွန် ကို စစ်တပ်ဘက်က ပြန် လာခေါ်တာမှာ ဆရာ့အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) ခေါင်းဆောင်ဖြစ်သူ တို့လည်း ပါသွားတယ်လို့ သူက ပြောပါတယ်။
“ဆရာ ခလမ်ဆမ်ဆွန်ကို ထောင်ထဲ ခေါ်သွားတာမျိုး မဟုတ်ဘူး။ မြစ်ကြီးနားက ရိပ်သာ တခုမှာ မေးယူစရာ၊ မေးကြည့်စရာ ရှိတာကြောင့် ဆိုင်း ထားတာတဲ့။ သူနဲ့ အဖော် တယောက်လည်းပါတယ်။ ဆရာ့အမျိုးသမီး ကတော့နေအိမ် ပြန်ရောက်ပြီ။ မေးစရာရှိသေးလို့ ခဏ ခေါ်ထားတာ ဘာမှ မစိုးရိမ်နဲ့ လို့ ပြောတယ်။” လို့ နောက်ထက် နီးစပ်သူတယောက်က ပြောပါတယ်။
KBC သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ ဆရာ Rev. Dr ခလမ်ဆမ်ဆွန်ကို ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် မေးမြန်းစရာ ရှိတယ်ဆိုပြီး သက်ဆိုင်ရာက ဧပြီလ ၁၇ ရက်နေ့ည ၁၁ နာရီ ခွဲခန့်က ပြန်လာခေါ်သွားကြောင်း လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ဆရာ Rev. Dr ခလမ်ဆမ်ဆွန်ကို ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂ (က) နဲ့ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း ပုဒ်မ ၃ ခုအတွက် ထောင်ဒဏ် ၆ နှစ်ကို ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်နေ့က ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဧပြီလ ၁၇ ရက်နေ့မှာ မြန်မာနှစ်သစ်မင်္ဂလာ အထိမ်းအမှတ် အဖြစ်အကျဉ်းထောင်/ အချုပ်ထောင် / စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံ နေရတဲ့ အကျဉ်းသား/သူ ၃၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ထဲက မြစ်ကြီးနား အကျဉ်းထောင်က အကျဉ်းသား ၄၂ လွတ်မြောက်လာ‌ကြောင်း ဒေသအခြေစိုက် သတင်းဌာနတွေကတဆင့် သိရပါတယ်။
Photo Crd# KBC

Related posts

Leave a Comment

VOM News

FREE
VIEW