တရုတ် နယ်စပ်ဘက် စာအုပ်အနီ သက်တမ်းကုန်နေသူတွေ ၊တပတ်ကဒ်နဲ့ နေထိုင်သူတွေ နေ့စဉ်အဖမ်းခံနေရ

ဧပြီ ၂၂၊ ၂၀၂၄
Shy V
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်နဲ့ ထိစပ်နေတဲ့ တရုတ် နယ်စပ်ဘက် စာအုပ်အနီ သက်တမ်းကုန်နေသူတွေ၊ တပတ်ကဒ် နဲ့ နေထိုင် နေသူတွေ နေ့တိုင်း အဖမ်းခံရနေရလို့ အခက်ကြုံနေကြရတယ်လို့ မြန်မာ လုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။
“အခု အရမ်းဖမ်း‌နေတယ် တရုတ်ဘက်။ တချို့ ရွှေလီထဲ လုပ်ငန်းရှိတဲ့ သူတွေက ဆိုင်တွေရှိနေတော့ ချက်ချင်း ပြန်ဖို့ အဆင်မပြေဘူး။ နှစ်ကြာ နေထိုင်ပြီး ကိုယ်ပိုင် အလုပ်လုပ်နေတဲ့ သူတွေကို တစ်နှစ်လောက် အချိန်ပေးဖို့တော့ ဝိုင်းပြောနေတယ်။ ကျွန်မတို့တောင် စာအုပ်အနီ သက်တမ်း ကုန်နေရင်လည်း လုပ်လို့ ရတဲ့ အထောက်အထားတွေ လုပ်ထားဖို့ ဒီနေ့ သွားနေပြီ” လို့ ကျောက်စိမ်း အရောင်းဆိုင်ဖွင့်ထားတဲ့ မြန်မာ နိုင်ငံသား လုပ်ငန်းရှင် တစ်‌ယောက်က ပြောပါတယ်။
တရုတ်ဘက်ကတော့ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် အနီ ပြုလုပ်ပြီး ပြန်ဝင်လာဖို့ ပြောပေမယ့် မြန်မာနိုင်ငံဘက်မှာတော့ မူဆယ် ခရိုင် အိမ်ထောင်စု ရှိသူတွေကိုသာ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်အနီ ထုတ်ပေးတာကြောင့် တခြားဒေသက တရုတ်နယ်စပ်ဘက်မှာ နှစ်ကြာ အလုပ်လုပ်နေတဲ့ မြန်မာ လုပ်ငန်းရှင်‌တွေနဲ့ လုပ်သားတွေ အခက်အခဲ ကြုံ‌နေကြရတာလို့ ဆိုပါတယ်။
နယ်စပ်ကုန်သည်တယောက်ကတော့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ မရနိုင်တာကြောင့် တရုတ်ဘက်က သတ်မှတ်ထားတဲ့ နေထိုင်ခွင့်၊ အလုပ်သမားကဒ်၊ ကျန်းမာရေးကတ်တွေကို မြန်မာငွေ ၁၀ သိန်းနီးပါး ကုန်ကျခံကာ ပြန်လုပ်ထားသူတွေတချို့လည်း ဖမ်းဆီး ခံနေကြရလို့ အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဒါအပြင် တရုတ်ဘက် ယာယီ နယ်စပ် ဖြတ်‌ ကျော်ခွင့် တခါသုံးကတ်နဲ့ဘဝင်ရောက်လာတဲ့ မြန်မာမိုင်ငံသားတွေ နေ့တိုင်း ဖမ်းဆီး ပို့ဆောင် ခံနေကြရတယ်လို့ နယ်စပ်ဒေသခံ တယောက်က ပြောပါတယ်။
“မနေ့ကလည်း မြန်မာဘက် အများကြီး ပြန်ပို့ခံရတာတွေတယ်။ နေတိုင်း ဖမ်းနေတာ။ အခုက ရွှေလီပဲ မဟုတ်ဘူး။ ရင်ကျန်း၊ မံစီ ဘက်လည်း ဖမ်းတယ်။ တခါသုံးကတ်တွေနဲ့ ရွှေလီ ကျော်လို့ မရတော့ဘူး။ ကား လမ်း‌ပေါ်မှာ တရုတ်ရဲတွေ တအားစစ်တယ်။ ကိုယ်ပိုင်ကားတွေနဲ့ ဆိုရင်တော့ သိပ်မစစ်ဘူး” လို့ သူက ပြောပါတယ်။
တပတ်ကတ်ကို ခဏတဖြုတ် တရုတ်ဘက် အလည်အပတ်သွားရောက်သူတွေ အတွက်သာ ထုတ်ပေးတာမျိုးဖြစ်ပေမယ့် လက်ရှိမှာ မူဆယ်ခရိုင် ပြင်ပက မြန်မာလုပ်သားတွေက တပတ်ကတ်နဲ့ တရုတ်နယ်စပ်ဘက် ဝင်သွားပြီး ပြန်မထွက်တော့ပဲ သက်တမ်းကုန်ပေမယ့် အလုပ်လုပ်နေတာတွေရှိနေသလို အလုပ်မရလို့ လမ်းဘေးအိပ်၊ လမ်းဘေးစား၊ အခန်းလည်းမငှားနိုင်၊ မြို့ပြ အင်္ဂါရပ်နဲ့ မညီတော့တာကြောင့် တရုတ်ဘက်က ပိုမို စည်းကမ်း တင်ကြပ်လာတယ် လို့ ဆိုပါတယ်။
“တပတ်ကတ်နဲ့ ဝင်လာမယ်ဆိုရင် အရင်ကနဲ့ မတူတော့ဘူး။ ဆွေမျိုးတွေဆီ သွားလည်မယ် ဆိုရင်တောင် တရုတ်ဘက်က ဆွေမျိုးအသိရဲ့ နာမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ဂမယ့် ဖုန်းနံပါတ် မတာတွေ တောင်းတယ်။”လို့ ရွှေလီရောက်မှာ နေထိုင်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ တပတ်ကတ်နဲ့ ဝင်လာသူတွေအနေနဲ့ တပတ်အတွင်း အလုပ်ရအောင် ရှာရမှာ ဖြစ်ပြီး တပတ်ကဒ် နဲ့ဝင်လာပေမယ့် အလုပ်ရှိပြီး အလုပ်ရှင်တွေ အာမခံပေးရင်တရုတ်ဘက်က နားလည်မှုနဲ့ အလုပ်လုပ်ခွင့်ပြုတယ်လို့ ဆိုပေမယ့် နေ့တိုင်း အဖမ်းအဆီး ရှိနေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံက လုပ်သားပြည်သူတွေဟာ မြန်မာနိုင်ငံထဲ အလုပ်ရှားပါးမှုကြောင်း အိမ်နီးချင်း နိုင်ငံ နယ်စပ်‌ဒေသတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ မျှော်လင့်ပြီး မူဆယ်နယ်စပ်ကနေ တရုတ်ဘက် ဝင်ရောက်လာကြတာဖြစ်ပါတယ်။
Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW