မုံးကိုးမှာ မနော အိမ်ဆောက်တာကို MNDAA က တားမြစ်ပြီး ပစ္စည်းတွေ ဖိအားပေးဖယ်ရှားခိုင်း၊ စာသင်ကျောင်းမှာ စစ်သင်တန်း နေရာ အဖြစ်သုံးနေ



ဧပြီ ၂၈၊ ၂၀၂‌‌၄
Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မှာ ဒီရက်ပိုင်းအတွင်း ကချင်ရိုးရာယဉ်ကျေးမှု မနော အိမ်ဆောက်ဖို့ MNDAA က တားမြစ်တဲ့ အပြင် ဖိအားပေးကာ ၃ ရက်အတွင်း ပစ္စည်းတွေ ဖယ်ရှားခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဧပြီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ် အချိန်မှာ အမိန့် လာပေးတယ်။ နှုတ်နဲ့ လာပြောတယ်။ လူလွှတ်ပြီး လာပြောတယ်။ ဘာမှ လုပ်လို့ မရဘူးတဲ့။ ရိုးရာအိမ်ဆောက်တာ ရပ်ဖို့ တခု ပြောတယ်။ ဒုတိယ တခုကျတော့ နောက်တနေ့ ပြန်လာပြောတယ်။ သယ်ထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ အကုန်လုံး ရွှေ့လိုက်ဖို့ ပြန်လာပြောသွားတယ်။ သုံးရက်အတွင်း အကုန်လုံး ရွှေ့ပြောင်း ပြီးရမယ်တဲ့။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ရိုးရာယဉ်ကျေးမှု အဖွဲ့ကတော့ ရိုးရာအိမ် ဖြစ်တဲ့ မနောအိမ် ဆောက်ဖို့ တားမြစ်တာကို လက်ခံ ပြီး ရပ်ဆိုင်းထားပေးမှာ ဖြစ်ပေမယ့် အချိန်တန်ရင် ပြန်ဆောက်မှာ ဖြစ်တယ် လို့ ပြောပါတယ်။

“ရိုးရာအိမ် ဆောက်ဖို့ တားမြစ်တာ ကျနော်တို့ ရပ်ဆိုင်းထားပေးမယ်။ အချိန်တန်ရင် ကျနော်တို့ ဆောက်မယ်။ ဒါပေမယ့် ဒီ ပစ္စည်းတွေကို ကျနော်တို့နေရာမှာ ကျနော်တို့ ထားထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်နေရာမှ ကျနော်တို့ မထားတတ်ဘူးလို့ အကြောင်းပြန်ထားတယ်။ မုံးကိုးမှာပဲ ရှိတာ မဟုတ်ဘူး။ မြို့ကြီး ဘယ်နေရာ မဆို ကချင်ရိုးရာယဉ်ကျေးမှု မနောကွင်းရှိတယ်။ မင်းတို့ အဲဒါတွေ အားလုံးကို အဲဒီလို ပြောင်းရွှေ့ခိုင်းဖို့ စီစဉ်နေတာလားလို့ မေးထားတယ်။” လို့ သူက ရှင်းပြပါတယ်။

နောက်ထပ်ဒေသခံ တယောက်ကလည်း မုံးကိုးမြို့မှာ အစိုးရက တရားဝင် ပေးထားတဲ့ ကချင်ရိုးရာ ယဉ်ကျေးမှု မနောကွင်းကို ကိုးကန့်တွေက အားလုံးနဲ့ ဆိုင်တဲ့ အားကစားကွင်း ဖြစ်တယ် ဆိုပြီး လာပြောတယ် လို့ ပြောပါတယ်။

စာသင်ကျောင်းနဲ့ အားကစားကွင်းကိုလည်း MNDAA တပ်က အခြေချပြီး စစ်သင်တန်းတွေပေးနေတာကြောင့် ဒေသခံတွေက စိတ်မကောင်း ‌ဖြစ်နေကြတယ်လို့ ‌ ပြောပါတယ်။

“ကျောင်း ဆိုတာက ဒီဒေသရဲ့ ကလေးတွေ အားလုံးနဲ့ဆိုင်တယ်။ ကျောင်းဖွင့်ဖွင့်၊ မဖွင့်ဖွင့် သူတို့နဲ့ ဘာမှ မဆိုင်ဘူး။ ဒါ လူမျိုးတိုင်းနဲ့ ဆိုင်တယ်။” လို့ သူက ပြောပါတယ်။

ဒေသခံပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာကို ဘယ်လက်နက်ကိုင်မဆို လက်နက်အားကိုး ဖိအားပေး ခြိမ်းခြောက်၊ ကြိမ်းမောင်း အနိုင်ကျင့်တာမျိုး ဘယ်လိုမှ လက်မခံဘူးလို့လည်း ဆိုပါတယ်။

Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW