ကျိုင်းတုံမြို့က နှင်းဆီ ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု နာရီပိုင်းအတွင်း ဓားပြသုံးယောက် ဖမ်းမိ



မေ ၊ ၁၅ ၊ ၂၀၂၄
SP (VOM)

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံခရိုင် ၊ ကျိုင်းတုံမြို့လယ် ၊ အမှတ် ၂ ရပ်ကွက် ၊ လွိုင်မွေလမ်း ၊ ပါလျံတံတားနားက နှင်းဆီ အမည်ရှိ ရွှေရတနာရောင်းဝယ်ရေးဆိုင်ကို မေ ၁၄ ရက် မနေ့က ညနေပိုင်း၅ နာရီဝန်းကျင်လောက်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်မျိုးစုံ သိန်းပေါင်း ငါးရာဖိုးလောက်ပါသွားတယ်လို့ ကျိုင်းတုံမြို့နယ် ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျိုင်းတုံခရိုင်လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ညနေ ၅ နာရီဝန်းကျင် ဆိုင်ပိတ်နေချိန်မှာ အမည်မသိ (စုံစမ်းဆဲ)လူသုံးယောက်က ကလစ်ဆိုင်ကယ်တစီး လူသုံးယောက်နဲ့ အဲ့ဒီ နှင်းဆီ ရွှေဆိုင်ကိုရောက်လာတယ် ၊ အဲ့ဒီ လူသုံးယောက်မှာ သေနတ်နဲ့ တူတွေ ပုဆိန်တွေပါလာတယ် ၊ ဆိုင်ထဲရောက်တော့ သေနတ် ငါးချက် ပစ်ဖောက်တယ် ၊ နောက်ပြီး ပါလာတဲ့ တူတွေနဲ့ ရွှေအရောင်းမှန်ကောင်တာကို ထုခွဲပြီး အတွင်းက ရွှေထည်ပစ္စည်းတွေကို လုယူထွက်ပြေးတယ် ၊ လတ်တလော တွက်ချက်ကြည့်တာအရ သိန်းငါးရာကျော်ဖိုး ပါသွားတယ် ၊ အဲ့ဒီ လုယက်မှုဖြစ်စဥ်ကို ပျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် ဓားပြတိုက်မှုဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ စစ်ဆေးရာ ဓားပြတိုက်မှု ကျူးလွန်သူ လူငယ် သုံးယောက်ကို တိုက်ရာပါ ပစ္စည်းများနဲ့အတူ နာရီပိုင်းအတွင်း ပြန်လည် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က တာချီလိတ်မြို့ပေါ်မှာ ဝန်ထမ်းအယောင်ဆောင် ဓားပြဂိုဏ်း အဖွဲ့ဝင် ခုနှစ်ယောက်ကို ပထမအကြိမ် ဖမ်းဆီးမိပြီးနောက် အဲ့ဒီအမှုရဲ့ နောက်ဆက်တွဲ ဓားပြဂိုဏ်းအဖွဲ့ဝင် လေးယောက်ကို မတ် ၃ ရက်မှာထပ်မံဖမ်းဆီးမိတာဖြစ်တယ်လို့ သိရပါတယ်။

” ပထမအကြိမ် ဖမ်းဆီးရမိတာက ခရိုင်ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှုး ဦးအေးကိုကိုဦး အပါအဝင် လူ ခုနှစ်ဦးနဲ့ ဒုတိယအကြိမ် ထပ်မံဖမ်းမိတာက လူလေးယောက်ဆိုတော့ လတ်တလော ဖမ်းမိထားတာက ၁၁ ယောက်ရှိသွားပြီးဖြစ်တယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ပထမအကြိမ် ဖမ်းဆီးရမိတဲ့ အေးကိုကိုဦး အပါအဝင် ခုနှစ်ယောက်ကို တာချီလိတ်မြို့မရဲစခန်း (ပ) ၂၅/၂၀၂၄ ၊ အရ ၂၀၂၃ ခုနှစ် ၊လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ အပြင် စိုင်းစံမိန်းခေါ် (စံမိန်း)ကိုတော့ (ပ) ၂၆/၂၀၂၄ ၊ ၊၂၀၂၃ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၂၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရှမ်း​ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ ပန်းတိမ် မြောက်ရပ်ကွက်မှာရှိတဲ့ ရွှေချိန်ခွင် အမည်ရှိတဲ့ ရွှေရတနာဆိုင် ဓားပြတိုက် လုယက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သုံးပိသာနဲ့ ပိုက်ဆံ တချို့ ပါသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့မှာလည်း ရန်ကုန်းတိုင်း ၊ တာမွေမြို့ ၊ မေတ္တာညွှန့်ရပ်ကွက် ၊ ပုညဝတီလမ်းက TK ရွှေဆိုင်မှာ ဓားပြတိုက်ခံရပြီး ရွှေထည် အချို့နဲ့ ငွေသား သိန်း ၆၀၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက် ညနေပိုင်းကမန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ ၊ ၂၂ လမ်း ၊ ၈၉ ၊ ၉၀ ကြား ၊ အကွက်အမှတ် ၁၉၃ ၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်မှာရှိတဲ့ ရွှေပန်းတိမ် အလုပ်ရုံတခုကို ရဲအယောင်ဆောင်ပြီး ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW