ညောင်ဦးမှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေလို့ စိုးရိမ်ရတဲ့အနေအထား ရှိနေ

 

ဇူလိုင် ၁၀ – ၂၀၂၄
SN (VOM)

မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထား ရှိနေတယ်လို့ ‌မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ ညောင်ဦးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၃၆ စင်တီမီတာ ကျော်လွန်နေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ အသိပေး ကြေညာထားပါတယ်။

“ရေတက်တာက တပတ်လောက်ရှိပြီ။ ရေစပြီးတက်တုန်းကတော့ သိပ်ပြီး မကြမ်းသေးဘူး။ ဒီရက်ပိုင်း သုံး၊ လေးရက်အတွင်းမှာမှ တက်တာ ကြမ်းလာတာ။ ပြီးခဲ့တဲ့နှစ်ကထက်ကို ကြမ်းလာတာပေါ့။ ညတွင်းချင်းမှာတင် ပုံမှန်ရေတက်နှုန်းထက်ကို ရေတိုး မြန်နေတယ်” လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ ကမ်းနားတလျှောက် ရေမြုပ်နေပြီဖြစ်သလို မြို့နယ်ရဲစခန်းရှေ့လမ်းပေါ် နဲ့ မြို့ထဲရှိ တချို့သော လမ်းမတွေပေါ် ရေဝင်ရောက်နေပြီဖြစ်ကာ ရေတိုးနှုန်းလည်း မြန်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကမ်းနားတလျှောက်က ရေဘေးသင့်ပြည်သူတွေကို မြို့တွင်းရှိ ရေမဝင်ရောက်နိုင်တဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ကာ ရွှေ့ပြောင်းထားတယ်လို့ သူက ပြော‌ပါတယ်။

မြစ်ရေမြင့်တက်မှု အနေအထားမှာ အရင်နှစ်တွေက လက်မနဲ့သာ ရေတက်ရောက်ခြင်းဖြစ်ပြီး အခုနှစ်မှာတော့ တရက်အတွင်း ၁ ပေခွဲအထိ မြင့်တက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်နှစ်တွေလိုပဲ ထင်မှတ်ပြီး ပေါ့ဆခြင်းမပြုကြဘဲ မြစ်ရေကင်းလွတ်ရာကို အမြန်ပြောင်းရွှေ့ထားကြဖို့ အသိပေးချင်ပါတယ်။ ရေစီးနဲ့အတူ မျောပါလာနိုင်တဲ့ ပိုးမွှားအန္တရာယ်တွေကိုလည်း အထူးသတိပြု နေထိုင်ကြပါလို့ ပြောချင်ပါတယ်” လို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှာ တာဝန်ရှိသူတယောက်က ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ မနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် (၄၂ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#voiceofmyanmar #VOM #ညောင်ဦး #ဧရာဝတီမြစ်ရေ #အတက်ကြမ်း

Related posts

Leave a Comment

VOM News

FREE
VIEW