မေ ၂၇ – ၂၀၂၆
SS (VOM)
မြန်မာနိုင်ငံမှာ တိုက်ခန်း ဝယ်ယူသူတွေအတွက် ပိုင်ဆိုင်မှုခိုင်မာစေဖို့နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ‘တိုက်ခန်းအိမ်ရာ သီးသန့်ဥပဒေ’ (Apartment Ownership Law) တရပ် မဖြစ်မနေ လိုအပ်နေတယ်လို့ အိမ်ခြံမြေ ဥပဒေပညာရှင်တွေနဲ့ အကျိုးဆောင်တွေက အကြံပြုထားကြပါတယ်။
လက်ရှိမှာ အထပ်မြင့်ကွန်ဒိုတွေအတွက် ဥပဒေရှိပေမယ့် မြို့နယ်အများစုရှိ သာမန်ကန်ထရိုက် တိုက်ခန်းတွေအတွက် အဓိက အကာအကွယ်ပေးနိုင်မယ့် ဥပဒေမူဘောင် မရှိသေးဘူးလို့ သိရပြီး လတ်တလော အခြေအနေတွေအရ အိမ်ခြံမြေကိစ္စတွေကို ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေနဲ့သာ ဖြေရှင်း ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေဆိုတာဟာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေ (ဥပမာ – မြေ၊ အိမ်၊ တိုက်ခန်း) နဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တဦးမှ တဦးကို တရားဝင် လွှဲပြောင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း စတာတွေအတွက် အကျုံးဝင်တဲ့ဥပဒေဖြစ်ကာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်ကတည်းက စတင်အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်ပြီး အိမ်ခြံမြေ ကိစ္စရပ်တွေအတွက် အဓိက အခြေခံကျတဲ့ ဥပဒေတရပ်ဖြစ်တယ်လို့ သိရပါတယ်။
“မြို့ပြအိမ်ခြံမြေကဏ္ဍမှာ မြေပိုင်ရှင်၊ ကန်ထရိုက်တာ၊ တိုက်ခန်းဝယ်ယူသူနဲ့ အစိုးရဝန်ထမ်းတွေကြား ပြဿနာအရှုပ်အရှင်းတွေ နည်းဖို့ အထူးသီးသန့်ဥပဒေတရပ် မဖြစ်မနေ လိုအပ်နေတာပါ။ ဒီဥပဒေထဲမှာ ရပိုင်ခွင့် အခွင့်အရေးတွေ၊ သတ်မှတ်ချက်တွေကို အမျိုးအစားလိုက် အတိအကျ သတ်မှတ်ပေးဖို့ လိုအပ်တယ်။ ဒါမှသာ မြေပိုင်ရှင်၊ ကန်ထရိုက်တာ၊ တိုက်ခန်းဝယ်ယူသူနဲ့ အစိုးရဝန်ထမ်း၊ ဒီ လေးစုကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ်၊ အရှုပ်အရှင်းလည်း နည်းနိုင်သမျှ နည်းသွားပါလိမ့်မယ်။ ဒါကြောင့် အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အတွက် တရားမျှတပြီး ခိုင်မာပြည့်စုံမှုရှိတဲ့ သီးသန့်ဥပဒေတရပ် အထူး လိုအပ်နေပါတယ်” လို့ အိမ်ခြံမြေ ဥပဒေပညာရှင်တယောက်က ပြောပါတယ်။
လက်ရှိ ဆောက်လုပ်ရေးကဏ္ဍအတွင်းမှာ ကြန့်ကြာမှုတွေဖြစ်နေတာ၊ ပိုင်ဆိုင်မှုအထောက်အထား (ဂရန်/စာချုပ်) မပြည့်စုံတာ၊ စီးပွားရေး အပြောင်းအလဲ စတာတွေကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာမှုနဲ့ တရားဝင် ခွင့်ပြုချက်ဆိုင်ရာ အငြင်းပွားမှုတွေ အဓိက ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိ မြန်မာပြည်အတွင်းမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေပြီး ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေတာတွေကြောင့် ကန်ထရိုက်တာတွေအနေနဲ့ တိုက်ခန်းကို အပြီး တည်ဆောက်ပေးနိုင်မှု မရှိခြင်း၊ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း ပစ္စည်းအရည်အသွေးကို အသုံးမပြုခြင်း၊ အခန်းလွှဲပြောင်းပေးရမယ့်ရက် ကျော်လွန်သွားခြင်းတွေကြောင့် အမှုအခင်းတွေလည်း ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။
“မြေရှင်နဲ့ ကန်ထရိုက်တာ စာချုပ်ပျက်ပြယ်သွားတဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ငွေကြေးဆုံးရှုံးနစ်နာမှု အများဆုံး ကြုံတွေ့ရလေ့ရှိတယ်။ လက်ရှိ ကုန်ဈေးနှုန်းတွေကြောင့် ကုန်ကျစရိတ်တွေ တက်ပြီးရင်း တက်နေတာဆိုတော့ ကန်ထရိုက်တွေ ထွက်ပြေးကြတာတွေလည်း ရှိနေတယ်။ ဒါကြောင့် ဝယ်ယူသူတွေအတွက် တရားဝင် အကာအကွယ်ပေးမယ့် ခိုင်မာတဲ့ တိုက်ခန်းဥပဒေ ပြဋ္ဌာန်းချက်တွေ လိုအပ်တယ်။ အဲဒီလိုပဲ မြေပိုင်ရှင်တွေအတွက်ကလည်း ကန်ထရိုက်တာက သတ်မှတ်ချိန်အတွင်း တိုက်ကို အပြီး မတည်ဆောက်နိုင်တာ၊ ဒါမှမဟုတ် စာချုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို ဖောက်ဖျက်တာတွေ ရှိလာတဲ့အခါ မြေပိုင်ရှင်တွေအတွက်ကလည်း နစ်နာရတတ်တယ်။ ဒီလို ဖြစ်ရပ်တွေကို ကာကွယ်ပေးဖို့ ခိုင်မာမှုရှိတဲ့၊ ထိရောက်တဲ့ ဥပဒေတရပ် လိုအပ်နေတာပါ” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။
လက်ရှိမှာ ကန်ထရိုက်တာနဲ့ တိုက်ခန်းဝယ်ယူသူတွေကြား ဂရန်ခွဲ/အမည်ပေါက် နောက်ကျတဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်နေတယ်လို့သိရပြီး တိုက်ခန်း ဝယ်ယူသူတွေအနေနဲ့ တိုက်ခန်းကို ငွေအကျေ ပေးချေထားတာဖြစ်ပေမယ့် မြေပိုင်ရှင်နဲ့ ကန်ထရိုက်တာတွေ ပြဿနာတက်တာ (ဒါမှမဟုတ်) စည်ပင်သာယာရဲ့ လုပ်ထုံးလုပ်နည်း ကြန့်ကြာတာတွေကြောင့် တိုက်ခန်းပိုင်ဆိုင်မှု စာရွက်စာတမ်း၊ တိုက်ခန်းအမည်ပေါက် ရရှိနိုင်ဖို့ အလွန်ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
တိုက်ခန်းအိမ်ရာဥပဒေ (ဒါမှမဟုတ်) ပိုင်ဆိုင်မှုခိုင်မာတဲ့ ဂရန်ခွဲတွေ အချိန်မီ မထွက်ရှိသေးတဲ့အတွက် လက်ရှိမှာ အရပ်စာချုပ်နဲ့သာ အရောင်းအဝယ် ပြုလုပ်နေရဆဲ ဖြစ်တာကြောင့် ဝယ်ယူသူတွေအတွက် ဆုံးရှုံးနစ်နာနိုင်ခြေ မြင့်မားနေတယ်လို့ သူက ပြောပါတယ်။
ဆက်လက်ပြီး စီးပွားရေးနဲ့ ဥပဒေလမ်းညွှန် တယောက်ကလည်း “ဒီနေရာမှာ စည်ပင်သာယာကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ပြောချင်တာက စည်ပင် တာဝန်ရှိသူတွေအနေနဲ့ လုပ်ပိုင်ခွင့်တွေအရ တရားမဝင် ဆောက်လုပ်မှုတွေကို စစ်ဆေး အရေးယူတဲ့နေရာမှာ ဝန်ထမ်းတွေက လက်ရှိ ဥပဒေဘောင်အတွင်းကနေပဲ ကိုင်တွယ် ဖြေရှင်းရတာဖြစ်တယ်။ ဒါကြောင့် အားနည်းချက်တွေ ရှိနေနိုင်တဲ့အတွက် အဂတိလိုက်စားမှု ကင်းစင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စံနှုန်းသတ်မှတ်ချက်တွေ (Standard Operating Procedures) ရှိဖို့လည်း အင်မတန် လိုအပ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံရဲ့ မြို့ကြီးတချို့မှာ တည်ဆောက်ခွင့် (ဒါမှမဟုတ်) လိုင်စင်အထောက်အထား ပြည့်စုံမှုမရှိဘဲ ဆောက်လုပ်နေတဲ့ တိုက်ခန်း/ကွန်ဒိုတွေ ရှိနေပြီး အမှုအခင်းတွေလည်း ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
တရားဝင်ခွင့်ပြုချက်မရှိတဲ့ ဆောက်လုပ်မှုတွေကို သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဥပဒေတွေနဲ့အညီ စစ်ဆေးအရေးယူမှုတွေ အမြဲမပြတ် ပြုလုပ်နေပေမယ့် လက်ရှိ အချိန်အထိ အားနည်းချက်တွေ ရှိနေဆဲဖြစ်တယ်လို့ သိရပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စည်ပင်ကော်မတီရဲ့ သက်ဆိုင်ရာတာဝန်ရှိသူထံ VOM က ဆက်သွယ်မေးမြန်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
မြန်မာနိုင်ငံရဲ့ ကွန်ဒိုဥပဒေအရ အထပ် ခြောက်ထပ်နဲ့အထက် ရှိတဲ့ အဆောက်အအုံတွေကို ကွန်ဒိုအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး တည်ဆောက်ရာမှာလည်း သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီရမှာဖြစ်ကာ ရပ်ကွက်အတွင်းရှိ ပေ ၄၀ x ပေ ၆၀ မြေကွက်လပ်တွေပေါ်မှာ ဆောက်လုပ်ထားတဲ့ သာမန်တိုက်ခန်းအများစုကတော့ ဥပဒေအရ ကွန်ဒိုမီနီယံတွေထဲ အကျုံးဝင်မှုမရှိဘူးလို့ သိရပါတယ်။
Photo – CJ
