ဝါတွင်းကာလဖြစ်ပေမယ့် ရန်ကုန်မြို့ အိမ်ခြံမြေဈေး မြင့်တက်လာ

 

ဩဂုတ် ၉ – ၂၀၂၄
SS (VOM)

ဝါတွင်းကာလဖြစ်ပေမယ့် စစ်ရှောင်တွေ ရှိလာတဲ့အတွက် ရန်ကုန်မြို့မှာ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းတွေ အလုပ်ဖြစ်လာနေပြီး ဈေးနှုန်းတွေလည်း ထပ်မံ မြင့်တက်လာနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်သူတွေဆီက သိရပါတယ်။

အိမ်ခြံမြေကို အရင်က နေထိုင်ဖို့ထက် ငွေကြေး ရင်းနှီးမြှုပ်နှံလိုတဲ့အတွက်သာ ဝယ်ယူကြတာများပေမယ့် လက်ရှိအချိန်မှာတော့ နယ်မြို့တွေကနေ အိမ်ခြံမြေ၊ တိုက်ခန်း လာရောက် ဝယ်ယူသူ၊ ငှားရမ်းသူတွေ များပြားနေတယ်လို့ သိရပါတယ်။

“နယ်က အဝယ်များတယ်ဆိုတာက ဈေးနှုန်းအဆင်ပြေတာမျိုးကို အဝယ်များတယ်။ အဆင်မပြေရင်တော့ ငှားဖို့သင့်တော်တာမျိုးကို ရှာဖွေကြတယ်။ စစ်ရှောင်ကြလာကြတာဆိုတော့ နေဖို့ထိုင်ဖို့ အရေးတကြီး စုံစမ်းတာ‌မျိုးတွေ ရှိလာတယ်။ အရောင်းအဝယ်တွေလည်း ပိုဖြစ်လာတာပေါ့။ အရင်အချိန် ဝါတွင်းဆိုရင် လုံးဝနီးပါးကို ဝယ်ရောင်းသိပ်မရှိတာ။ အခုက ရောင်းချင်တဲ့သူတွေကလည်း ဈေးတွေဖွင့်ထားတယ်။ ဝယ်ချင်တဲ့သူတွေကလည်း နေ့တိုင်းနီးပါးကို စုံစမ်းတယ်။ အဆင်ပြေရင် ရောင်းသူ၊ ဝယ်သူ ပေးတွေ့လိုက်တယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ရန်ကုန်မြို့လယ် နေရာတွေထက် အ‌ရောင်းအဝယ်အသွက်ဆုံး ဒဂုံမြို့သစ် လေးမြို့နယ်မှာ ဈေးအနိမ့်ပိုင်း အိမ်ခြံမြေတွေ အရောင်းများနေတယ်လို့ သိရပါတယ်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံသစ် (မြောက်ပိုင်း) မြို့နယ်နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွေမှာ သိန်း ၆၀၀ ဝန်းကျင် အိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်နေပြီး သိန်း ၃၀၀၀ အထက် အိမ်ခြံမြေတွေကတော့ အရောင်းအဝယ်ပါးနေတယ်လို့ သိရပါတယ်။

အငှား ဈေးကွက်မှာတော့ အခုရက်ပိုင်းအတွင်း တိုက်ခန်းတခန်း အငှားဈေး ကျပ် ခုနစ်သောင်းမှ တသိန်းခွဲကြား၊ လုံးချင်းအိမ် အငှားဈေးနှုန်း ကျပ် နှစ်သိန်းမှ သုံးသိန်းကြား၊ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

တိုက်ခန်းအငှားဈေးကွက်မှာ မြေညီထပ် တခန်းကို ကျပ် သုံးသိန်းခွဲမှ လေးသိန်း၊ ပထမထပ်နဲ့ ဒုတိယထပ် တခန်းကို ကျပ် သုံးသိန်းပတ်ဝန်းကျင်၊ စတုတ္ထထပ်တခန်းကို ကျပ်နှစ်သိန်းခွဲဝန်းကျင် ဈေးရှိပြီး အခန်းလွတ် ရှားပါးနေသလို လိုင်းခန်းဈေးတွေမှာလည်း နေရာမျိုးအစားပေါ် မူတည်ပြီး ကျပ် ခြောက်သောင်းခွဲကနေပြီး ကျပ် တသိန်းတသောင်းအထိ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ ဒေသခံအများအပြား ရန်ကုန်မြို့ကို ပြောင်းရွှေ့လာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝါတွင်းကာလ #စစ်ရှောင် #ရန်ကုန် #အိမ်ခြံမြေဈေး #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW