အမေရိကန် သမ္မတအဖြစ် ကမလာဟားရစ်ကို ထောက်ခံတယ်လို့ ပူတင်ပြော

မော်စကို၊ စက်တင်ဘာ-၆-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ထက် ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ် အနိုင်ရပြီး သမ္မတဖြစ်စေချင်တယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ရုရှားလိုလားတဲ့ ဝါဒဖြန့်မှုတွေလုပ်ပြီး ဩဇာလွှမ်းမိုးဖို့ ကြိုးစားတာကြောင့် ရုရှားသတင်းမီဒီယာ ထိပ်တန်းတာဝန်ရှိသူနှစ်ယောက်ကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ကြေညာပြီးနောက် ပူတင်က အခုလို မှတ်ချက်ပြု ပြောဆိုလာတာဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင် သမ္မတရွေးကောက်ပွဲကနေ မနုတ်ထွက်မီကလည်း ဘိုင်ဒင်ဟာ ထရန့်ထက် ပိုမိုခန့်မှန်းရလွယ်တဲ့ နိုင်ငံရေးသမားဖြစ်တာကြောင့် သမ္မတဖြစ်စေချင်လို့ ယခုနှစ်အစောပိုင်းကလည်း ပြောဆိုခဲ့ဖူးပါတယ်။
ရုရှားအရှေ့ဖျား စီးပွားရေးဖိုရမ် လက်ခံကျင်းပနေတဲ့ ပူတင်ကို အမေရိကန်ရွေးကောက်ပွဲကို ဘယ်လိုအမြင်ရှိလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းအပေါ် ပူတင်က “ ဒါက အမေရိကန်ပြည်သူတွေရဲ့ ရွေးချယ်မှုပါ။. ဒါပေမယ့်လည်း ဘိုင်ဒင်က သူ့ထောက်ခံသူတွေကို ဟားရစ်ကိုဆက်ဝန်းရံဖို့ ပြောခဲ့သလိုပါပဲ ကျွန်တော်တို့လည်း သူမကို ထောက်ခံမယ် ”လို့ ပူတင်က ပြောပါတယ်။
ဒါပေမယ့်လည်း အမေရိကန်ထောက်လှမ်းရေးကတော့ ယူကရိန်းကိုထောက်ပံ့မှုအတွက် ကတိကဝတ်တွေနည်းတဲ့ ဒေါ်နယ်ထရန့်ကို ရုရှားက အနိုင်ရစေချင်တယ်လို့ အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက ယုံကြည်နေပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရန့်ဟာ ရုရှားအပေါ် အရေးယူပိတ်ဆို့ အများဆုံးချမှတ်ခဲ့တဲ့ သမ္မတဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:Reuters
Photo:Reuters

Related posts

✕
VOM News

FREE
VIEW