ဒေါ်နယ်ထရန့်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းပြန် ၊ သေနတ်သမားကို ဖမ်းမိထား



ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ဖလော်ရီဒါရှိ သူ့ရဲ့ဂေါက်ကွင်းမှာ သေနတ်သမားတယောက်က လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကနေ လွတ်မြောက်ခဲ့ပြီး သမ္မတဟောင်း ဘေးကင်းတယ်လို့ အမေရိကန် အက်ဖ်ဘီအိုင်က ပြောပါတယ်။

သမ္မတဟောင်း ထရန့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

ထရန့် ဂေါက်ကစားနေ ကျင်းတခုအနီးက ချုံပုတ်တွေထဲမှာ အေကေ ၄၇ ပုံစံ သေနတ်ပြောင်းတခု ထွက်လာတာကို ထရန့်ရဲ့ လျှို့ဝှက်လုံခြုံရေးအေးဂျင့်တယောက်က မြင်တွေ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့ချိန်မျာ သေနတ်သမားက ထွက်ပြေးသွားခဲ့ပါတယ်။

သေနတ်သမားစီးနှင်းသွားတဲ့ အနက်ရောင်နစ်ဆန်းကားကို မျက်မြင်သက်သေတယောက်က မြင်တွေ့မှတ်သားပြီး ရဲတပ်ဖွဲကို အကြောင်းကြားခဲ့ရာမှာ သံသယရှိသူ သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂေါက်ကွင်းအစပ်က ခြုံထဲမှာတော့ သေနတ်တလက် ၊ မှန်ဘီလူး၊ ကျောပိုးအိတ်နဲ့ ဂိုးပရိုကင်မရာတလုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေနတ်သမားဟာ အသက် ၅၀ ကျော်အရွယ် Ryan Wesley Routh ဆိုသူဖြစ်တယ်လို့ စီဘီအက်စ် သတင်းဌာနက ဖော်ပြထားပါတယ်။

သူဟာ ရုရှားစစ်ပွဲမှာ ယူကရိန်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ပြည်ပတိုက်ခိုက်ရေးသမားအဖြစ်နဲ့ ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်တွေအရ သိရပါတယ်။ ပစ်ခတ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး ။

Ref:BBC
Photo:AP

Related posts

VOM News

FREE
VIEW