တောင်ငူရေဘေး ကယ်ဆယ်ရေးသမား တယောက်သေပြီး တယောက်ပျောက်နေ

စက်တင်ဘာ ၁၆ – ၂၀၂၄
SS (VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့အတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာတွေကို သွားရောက်ကူညီပေးနေတဲ့ ပရဟိတသမား ကယ်ဆယ်ရေးသမား တယောက် ကယ်ဆယ်ရေးလုပ်ဆောင်ရင်း ရေနစ်သေဆုံးခဲ့ပြီး တယောက်ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
“သေဆုံးသွားတဲ့သူတွေက ရှင်ပေါလုအသင်းက စေတနာ့ဝန်ထမ်းတယောက်နဲ့ စုံစမ်းဆဲ တယောက်ပါ။ တယောက်ကိုတော့ အလောင်းပြန်ရပေမယ့် တယောက်ကတော့ ပျောက်ဆုံးနေဆဲပါ။ အခု ကျွန်တော်တို့ ကယ်ဆယ်ရေးဆင်းနေလို့ အသေးစိတ် အခြေအနေကိုတော့ နောက်မှ ပြောပါရစေ” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ရုပ်အလောင်း ပြန်တွေ့ထားသူဟာ ရှင်ပေါလုအသင်းတော် ကူညီကယ်ဆယ်အရေးအဖွဲ့က အသက် ၂၄ နှစ်အရွယ် ကိုဂျားဂျား ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ စေတနာ့ဝန်ထမ်းဟာ မနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က တောင်ငူမြို့က ရွှေလင်းအေးရွာ အထွက်မှာ ကယ်ဆယ်ရေး လုပ်ဆောင်ဖို့သွားရင်း ရေစီးနဲ့ မျောပါ သေဆုံးသွားတာဖြစ်တယ်လို့ သိရပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။
စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက တောင်ငူက ရေဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့ စက်လှေနဲ့ သွားချိန် ရေစီးအရှိန်ကြောင့် စက်လှေတိမ်းမှောက်ခဲ့ပေမယ့် ထိခိုက်သေဆုံးခဲ့သူတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
တောင်ငူမြို့က ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ရာ နေရာတွေမှာ ရုပ်အလောင်းတချို့ကိုလည်း ရှာဖွေတွေ့ရှိထားပြီး လက်ရှိအချိန်အထိ အယောက် ၂၀ ဝန်းကျင်လောက် ရှိနေပြီဖြစ်တယ်လို့ နောက်ထပ် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
အဲဒီ ရုပ်အလောင်းတွေထဲက ခုနစ်လောင်းကိုတော့ တောင်ငူမြို့အရှေ့ဘက်ခြမ်း မြစ်ကမ်းနဲ့ နီးတဲ့ (၂၃) ရပ်ကွက်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
တောင်ငူမှာ ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပြီး အထူးသဖြင့် စစ်တောင်းမြစ်ကမ်းဘေး ဝဲ/ယာ ကျေးရွာတွေအားလုံး ရေကြီးမှုဒဏ်ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ရေဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရသူ ရှစ်သောင်းခုနစ်ထောင်ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပြီး စစ်တောင်းမြစ် တဖက်ကမ်းကို ဖြတ်ကူးကယ်ဆယ်ဖို့ လှေအခက်အခဲ ရှိနေကြတာကြောင့် ရေစတက်လာကတည်းက ကယ်ဆယ်ရေးမရောက်တဲ့ရွာတွေမှာ ပြည်သူတွေ ပိတ်မိနေကြတာ ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် တောင်ငူမြို့ပေါ်နဲ့ ကျေးရွာတချို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၃၀ ကျော် ဖွင့်ထားရတယ်လို့လည်း သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW