အောက်တိုဘာ ၈ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ရှောင်ပြည်သူ သုံးသောင်းကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။
လက်ရှိ ရမ်းဗြဲမြို့နယ်မှာ ဒေသခံ စစ်ရှောင်တွေအပြင် တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့နယ်တွေက စစ်ရှောင်လာသူတွေလည်း ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
“အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပေါ့။ ဒီမှာရှိနေတွေတာက တော်တော်ကို နည်းနေပြီ။ ဘယ်လိုမှ လောက်ငှမှု မရှိတော့ဘူး။ ကုန်းလမ်း၊ ရေလမ်းတွေလည်း ဖြတ်တောက်ထားတော့ ဘာမှလည်း ဝယ်လို့မရဘူးလေ။ စားတာသောက်တာဆိုလည်း ချွေတာနေကြရတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
လတ်တလောမှာ အဲဒီစစ်ရှောင်တွေကို ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားပေမယ့်လည်း လုံလောက်မှုမရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရမ်းဗြဲဒေသဟာ လက်ရှိမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်ဖြစ်ပြီး စစ်ရှောင်ပြည်သူတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ အာရက္ခတပ်တော်က ထောက်ပံ့မှုတွေရှိနေပေမယ့်လည်း လုံလောက်တဲ့ အထောက်အပံ့တွေကို မပေးနိုင်သေးဘူးလို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ တောင်ကုတ်မြို့နယ်၊ အမ်းနဲ့ ဂွမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေလို့ နေရပ်စွန့်ခွာမှုတွေ ရှိနေပါတယ်။
ကျောက်ဖြူမြို့နယ်မှာလည်း စက်တင်ဘာလ ၂၇ ရက်နေ့က AA ရဲ့ စစ်ရေးသတင်း ထုတ်ပြန်ချက်ကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး ကျောက်ဖြူမြို့ရဲ့ အဝင်အထွက်ဂိတ်တွေကို နစက က လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။
Photo:CJ