ဇန်နဝါရီ ၁၉- ၂၀၂၅
CC (VOM)
ပြည်ပပို့ကုန် ပဲစျေးကွက်မှာ မတ်ပဲစျေးနူန်းကဆက်တိုက်ကျဆင်းလာပြီး တစ်တန်ကိုသိန်း ၃၀ အောက်အထိပင်ကျဆင်းသွားတာကြောင့် တောင်သူတွေမှာ အကျိုးအမြတ်မရတဲ့အပြင်အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
မတ်ပဲ FAQ တစ်တန်ကို ၂၉၉၅၀၀၀ ကျပ်သာ စျေးတန်းရှ်ပြီး နယ်ကုန်စည်ဒိုင်နဲ့ပွဲရုံတွေမှာဆိုရင်လည်း အရည်အသွေးကောင်း မတ်ပဲပိဿာ ၂၀ တတင်းကိုမှ ကျပ်၉၀၀၀၀ ကျော်သာရှိတော့တဲ့အတွက် တောင်သူတွေအရှုံးပေါ်နေရတာဖြစ်တယ်လို့သိရပါတယ်။
အရည်အသွေးညံ့ပြီး ပဲအလုံးသေးတဲ့မတ်ပဲတွေဆိုရင် ပိဿာ၂၀ တတင်းကို၇၀၀၀၀ ၊၈၀၀၀၀ ဝန်းကျင်သာ စျေးပေးဝယ်ယူနေကြတယ်လို့သိရပါတယ်။
” မတ်ပဲစျေးကတော့ ကျွန်တော်တို့ကိုအသေသတ်နေသလိုပဲ။စျေးကဆက်တိုက်ကျတယ်။အခု၉၀၀၀၀ ကျော်ဆိုတာ သူတို့ကြိုက်တယ်ဆိုတဲ့ပဲမျိုးမှပေးတာ။မဟုတ်ရင်မရပါဘူး။အခုကပဲရွေးနေတယ်။မနှစ်ကထက်ကိုအခြေအနေဆိုးပါတယ်။ခုနှစ် စိုက်ပျိုးစရိတ်တွေပိုပြီးသုံးရ ကုန်ကျတဲ့နှစ်မှစျေးကကျနေတော့ ကျွန်တော်တို့ရှုံးတာပေါ့။ ပဲမရောင်းပဲလှောင်ထားနိုင်ရင်တော့ အတိုင်းအတာတခုအထိတော်အုံးမယ်။” လို့ မတ်ပဲစိုက်တောင်သူ ကပြောပါတယ်။
ခုနှစ်မှာ မတ်ပဲစိုက်ခင်းတွေမှာ ရောဂါပိုးကျရောက်မှုတွေများတာကြောင့် စိုက်ပျိုးရေးဆေးသုံးစွဲရမှုက အရင်နှစ်ထက်ကုန်ကျမှုများတဲ့အပြင် လယ်ထွန်စက်ငှားရမ်းခ၊အလုပ်သမားငှားရမ်းခ၊ပဲမျိုးစျေး စတဲ့အထွေထွေကုန်ကျသရိတ်တွေမြင့်လာတာကြောင့် မတ်ပဲတတင်းကို ၁၅၀၀၀၀ ကျပ်နူန်းရောင်းရမှသာ တောင်သူတွေမှာအကျိုးအမြတ်ခံစားခွင့်ရှိမှာဖြစ်တယ်လို့သိရပါတယ်။
” တဧကကို ၁၀ တင်းထွက်မှ ၁၅၀၀၀၀ စျေးရောင်းရမှ ၁၅ သိန်းပဲရမယ်။ကျွန်တော်တို့လယ်တွေက ခုနှစ်မလွယ်ဘူး။ပိုးတွေကမျိုးစုံအောင်ကျလို့ဖြန်းလိုက်ရတဲ့ဆေး။လယ်သုံးဧကကို အခုဆေးဖိုးအပါ ၊အချိန်တန် နူတ်ခအပါ စိုက်ပျိုးစရိတ်အကုန် ၁၀ သိန်းလောက်ကျနေပြီ။ပဲကဘယ်လောက်ထွက်မယ်မှန်းမရဘူး။လုပ်နေတဲ့အရင်းရရင်ခုနှစ်ကကျေနပ်ရမလိုဖြစ်နေချိန် ပဲစျေးက ကျနေတော့ လူတွေလည်းစိတ်ဓာတ်ကျနေပြီ။” လို့ ပဲခူးအနောက်ခြမ်းပဲစိုက်တောင်သူကပြောပါတယ်။
ခုနှစ်ဆောင်းရာသီ မတ်ပဲစိုက်ခင်းအများစုဟာ နှစ်စဥ်စိုက်ပျိုးနေကြပဲရာသီချိန်ထက်နောက်ပျမှ စိုက်ပျိုးရခြင်း၊ ရောဂါပိုးဆိုရင်လည်း အဝါရောင်မှိုရောဂါပိုး၊ဖြုတ်ပိုး၊ယင်ဖြူ၊ငါးမြှောင်တောင်၊လှေးပိုး၊ရွက်စားပိုး၊သံချေးမှို၊ဖားဥမှို ကျရောက်နေသလို ကြွက်သောင်းကျန်းမှုတွေကြောင့် ပဲအထွက်နူန်းလျော့ကျနိုင်တယ်လို့ သိရပါတယ်။
မတ်ပဲကို ပြည်ပတင်ပို့မှုအနေနဲ့အိန္ဒိယနိုင်ငံကိုသာအဓိကတင်ပို့ရောင်းချရတာဖြစ်ပြီး လက်ရှိမှာက အိန္ဒိယနိုင်ငံမှာမတ်ပဲအသစ်တွေပေါ်ပြီးစျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့်စျေးကျနေတဲ့အတွက် မြန်မာမှာလည်း စျေးကျနေတာဖြစ်တယ်လို့သိရပါတယ်။
” တောင်သူတွေအနေနဲ့ပဲတွေကိုထိန်းရောင်းဖို့သတိခဏခဏပေးနေရတယ်။ရောင်းအားများနေရင်စျေးကလည်းထိန်းမရသလို အရည်အသွေးကိုပါစကားပြောလာရတယ်။အခုကစျေးထပ်ကျမှာစိုးပြီး ရောင်းနေကြတာတွေများနေတယ်။ရောင်းအားကိုထိန်းနိုင်ရင် စျေးတန်းတခုပြန်ရောက်လာမှာပါ။အရောင်းအရင်မလိုကြပါနဲ့။အိန္ဒိယက အဝယ်လိုက်လာမှာပါ။”လို့ ပွဲရုံပိုင်ရှင်ကပြောပါတယ်။
မတ်ပဲကို ဧရာဝတီတိုင်း ၊ပဲခူးတိုင်း မှာအဓိကစိုက်ပျိုးပြီးကျန်တဲ့ရန်ကုန်၊မကွေး နဲ့ဒေသအချို့မှာစိုက်ပျိုးကြပါတယ်။
မနှစ်ကဆောင်း မတ်ပဲအသစ်ပေါ်ချိန်တုန်းကမတ်ပဲပိဿာ၂၀ တတင်းကို ၁ သိန်းဝန်းကျင် ရှိခဲ့ပြီး အဲဒီနောက် ၁၁၀၀၀၀ ကျပ်အထိမြင့်တက်ခဲ့ပါတယ်။စက်တင်ဘာလမှာတော့ မတ်ပဲပိဿာ၂၀ တတင်းကို ၁၃၅၀၀၀ ကျပ်အထိအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
မတ်ပဲနည်းတူ အိန္ဒိယကိုအများဆုံးတင်ပို့ရတဲ့ပဲစဥ်းငုံကလည်း စျေးဆက်တိုက်ကျဆင်းလာနေပြီး တတန်ကို ၂၉၄၀၀၀၀ ကျပ်သာရှိကြောင်း၊ပိဿာ၂၀ တတင်းကို ဆိုရင်ကျပ်၉၀၀၀၀ ကျော်သာရှိတော့တယ်လို့သိရပါတယ်။
Photo – CJ