တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဇန်နဝါရီ ၂၀ – ၂၀၂၅
SN (VOM)
ဒီတပတ်မှာလည်း ရွှေဈေးတွေက အတက်ဈေးမှာပဲ ရှိနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း အတက်ဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။
စက်သုံးဆီဈေးကွက်မှာတော့ ၉၂ ဓာတ်ဆီတမျိုးတည်းသာ အရင်တပတ်ဈေးနှုန်းအတိုင်း မပြောင်းမလဲ ရှိနေပါတယ်။ ၉၅ ဓာတ်ဆီဈေးကတော့ ကျနေပြီး ဒီဇယ်ဈေးတွေကတော့ မြင့်တက်နေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်တချို့ အမြင့်ဈေးမှာရှိနေပြီး တချို့ ကုန်စည်ဈေးတွေကတော့ ပြန်တက်နေပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ နှစ်စမှာ အတက်ဘက်ကို ပြန်ရောက်လာတဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ လက်ရှိမှာတော့ ၆၅ သိန်းဝန်းကျင်ကို ရောက်ရှိလို့နေပါတယ်။ ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၁၆ ရက်၊ မနက်ပိုင်းမှာတော့ ၆၆ သိန်းဝန်းကျင်ကို ပြန်လည် ကျဆင်းခဲ့ပြီး အဲဒီနေ့ တနေ့တာလုံး ဈေးအတက်အကျ များနေခဲ့တာကို တွေ့ရပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံး ဈေးနှုန်းကတော့ ခြောက်ဆယ့်လေးသိန်း ငါးသောင်းကျပ်ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက် (စနေနေ့) မှာတော့ ကျပ် ၆၅ သိန်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့တာ ဖြစ်ပါတယ်။
“ရွှေဈေးကတော့ တနင်္လာနေ့ ဈေးကွက်အဖွင့်ကိုပဲ စောင့်ကြည့်ရမှာပဲ။ လောလောဆယ် ကမ္ဘာ့ဈေးကလည်း အတက်ဘက်မှာ ရှိနေတယ်။ ဒေါ်လာဈေးကလည်း ပြန်ကျလာတယ် ဆိုပေမယ့် ၄၆၀၀ ကျော်ဝန်းကျင်မှာပဲ ရှိနေတယ်ဆိုတော့ ရွှေဈေးကွက်ရဲ့ အနေအထားကတော့ လောလောဆယ် စောင့်ကြည့်ရမယ့်အချိန်လို့ပဲ ပြောချင်ပါတယ်။ ဈေးမငြိမ်၊ အလှုပ်အခတ်များနေတဲ့ ကာလမို့ ရောင်းမှားဝယ်မှား မဖြစ်ဖို့ကိုဘဲ သတိပြုစေချင်ပါတယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက် (တနင်္လာနေ့) က တအောင်စ ၂၆၄၄ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ဇန်နဝါရီ ၁၃ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၆၈၇ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၄၃ ဒေါ်လာ မြင့်တက်လာတာကို တွေ့ရပါတယ်။
ဒီတပတ်အတွင်း ဇန်နဝါရီ ၁၇ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၂၇၁၅ ဒေါ်လာအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၈ ရက် (စနေနေ့) မှာတော့ တအောင်စ ၂၇၀၃ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာကို တွေ့ရပါတယ်။
နိုင်ငံခြားငွေလဲဈေးကွက်မှာ ငွေလဲနှုန်းတွေဟာ ဒီတပတ်မှာလည်း အမြင့်ဈေးမှာပဲ ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီ ၁၃ ရက်နေ့မှာ တရုတ်ယွမ် ခြောက်သိန်း၊ ၁၄ ရက်နေ့မှာ ဘတ် ငါးသိန်းခွဲကျော်၊ ၁၅ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်နဲ့ တရုတ်ယွမ် သုံးသိန်းလေးသောင်းနီးပါးကို ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဘတ် တသန်း ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီး ဇန်နဝါရီ ၁၇ ရက်နေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ တသိန်းနီးပါးနဲ့ တရုတ်ယွမ် ၁ ဒသမ ၁ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဒေါ်လာဈေးဟာ ၄၆၂၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့၊ ညနေပိုင်းကတော့ အမြင့်ဆုံးဈေး ၄၈၀၀ ဝန်းကျင်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပဲ တခြား ငွေလဲဈေးနှုန်းတွေလည်း မြင့်တက်လျက်ရှိတာမှာ ထိုင်းဘတ်ကတော့ လက်ရှိမှာ ၁၃၅ ဝန်းကျင်၊ တရုတ်ယွမ် ၆၃၂ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၄ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။
ဒီတပတ် စက်သုံးဆီဈေးကွက်မှာတော့ ၉၂ ဓာတ်ဆီဈေးကလွဲလို့ ဈေးကွက်မှာ အသုံးများတဲ့ တခြား ဆီအမျိုးအစားတွေ ဈေးနှုန်းအပြောင်းအလဲ ရှိခဲ့တာကို တွေ့ရပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၇၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၆၅ ကျပ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၇၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၆၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၄၀ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီဈေးက မပြောင်းမလဲရှိနေပြီး ၉၅ ကတော့ တလီတာ ၂၀ ကျပ် ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒီဇယ်ဈေးတွေကတော့ တလီတာ ၃၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၅ ကျပ်ဝန်းကျင် မြင့်တက်လာပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း ၉၂ ဓာတ်ဆီဈေးကလွဲလို့ တခြားစက်သုံးဆီဈေးတွေ အပြောင်းအလဲ ရှိနေပါတယ်။
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ အသီးအရွက်ဈေးတွေ ပြန်တက်နေပါတယ်။ တခြား ကုန်စည်အများစုကလည်း အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်ပါတယ်။
စားဆီဈေးကွက်ထဲမှာလည်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်ကတော့ ပြီးခဲ့တဲ့ သုံးပတ်ကအတိုင်း တပိဿာ ၇၂၈၀ ဈေးမှာသာ မပြောင်းမလဲ ရှိနေဆဲဖြစ်ပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းသုံးထောင်ဝန်းကျင်နဲ့ အနည်းငယ် မြင့်တက်လာပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးလည်း မြင့်တက်နေပြီး ၈၀၀၀ ကျပ်ဈေး ဖြစ်လာပါတယ်။
ဆန်ဈေးနှုန်းတွေကလည်း အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ မနောသုခ (အဟောင်း) တအိတ် တသိန်းတသောင်းကျပ်၊ ရွှေဝါထွန်း (အဟောင်း) တအိတ် ကိုးသောင်းနှစ်ထောင်ကျပ်ဝန်းကျင် ရှိနေပါတယ်။ ဆန်ချောကတော့ ရွှေဘိုပေါ်ဆန်း (အဟောင်း) တအိတ် တသိန်းခုနစ်သောင်းကျပ်၊ ရွှေဘိုဧရာမင်း (အဟောင်း) တအိတ် တသိန်းလေးသောင်း သုံးထောင်ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ကြက်ဥ၊ ဘဲဥဈေးတွေဟာလည်း အမြင့်ဈေးမှာပဲ ဆက်ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၄၀၀ ကနေ ၅၀၀ ကျပ်ဝန်းကျင်အထိ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၄၅၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ ရှိနေပါတယ်။
အာလူးဈေးကတော့ ပြန်တက်နေပြီး တပိဿာ ကျပ် ၈၀၀၀ ကနေ တသောင်းအထိ ရှိနေပါတယ်။ ကြက်သွန်နီကတော့ အမြင့်ဈေးမှာ ငြိမ်နေပြီး အမျိုးအစားအလိုက် တပိဿာ ကျပ် ၄၀၀၀ ကနေ ၅၅၀၀ အထိ ရှိနေပါတယ်။ ကြက်သွန်ဖြူကတော့ ဈေးထပ်တက်နေပြီး အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းကနေ ကျပ် နှစ်သောင်းလေးထောင်ဈေး ရှိနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာတော့ တချို့အသီးအရွက်တွေက ဈေးပြန်တက်နေပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၃၅၀၀ ကျပ်ဈေး ဖြစ်လာပါတယ်။ ပန်းဂေါ်ဖီဈေးတွေက‌တော့ ပြန်ကျနေပြီး ၁၅၀၀ – ၂၀၀၀ ဈေး ရှိပါတယ်။ ပန်းဂေါ်ဖီ အစိမ်းကတော့ တပွင့်ကို ကျပ် ၁၅၀၀ – ၂၀၀၀ ပုံမှန်အတိုင်း ရှိနေပါတယ်။
တရုတ်ကန်စွန်းရွက် တစည်း ၁၀၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၅၀၀ ကျပ်ဈေးမှာပဲ ရှိနေပါတယ်။ ခရမ်းချဉ်သီးကတော့ အမျိုးအစားအလိုက် တပိဿာ ၅၀၀၀ ကျပ်ကနေ ၇၀၀၀ အထိ ရှိနေပါတယ်။
ရပ်ကွက်ဈေးတွေမှာ တချို့ငါးဈေးတွေ ကျနေပြီး ငါးမြစ်ချင်း တပိဿာ ကျပ် တသောင်းခွဲ ရှိနေပါတယ်။ ငါးကြင်းကတော့ တပိဿာ တသောင်းရှစ်ထောင်ကျပ်နဲ့ ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေပါတယ်။ ပုစွန်တွေကတော့ အနည်းငယ် ဈေးတက်နေပြီး အမျိုးအစားအလိုက် တပိဿာ ကျပ် လေးသောင်းကနေ ခြောက်သောင်းအထိ ရှိနေပါတယ်။
အသားဈေးကွက်မှာတော့ ကြက်သား‌နဲ့ ဝက်သားဈေးတွေ အနည်းငယ် မြင့်တက်နေပြီး ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင်ဈေး ဖြစ်လာပါတယ်။ ဝက်သားကတော့ တပိဿာ ကျပ် သုံးသောင်းခြောက်ထောင်ဈေး ရှိနေပါတယ်။
အဲဒီလိုပဲ အမဲသားဈေးတွေလည်း အနည်းငယ်တက်နေပြီး အမဲသား တပိဿာ ကျပ် နှစ်သောင်း ခြောက်ထောင်ဈေး ရှိနေပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် သုံးသောင်းလေးထောင်နဲ့ ပုံမှန် အမြင့်ဈေးအတိုင်း ရှိနေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW