အရှေ့ဘက်ကုန်းမြင့်ဒေသနေ ဓနုတွေရဲ့ ရိုးရာလက်မှုလုပ်ငန်း (သို့မဟုတ်) ဝါးခမောက်ချုပ်လုပ်ငန်း

မတ် ၁၉၊ ၂၀၂၅
ဖိုးသား(VOM)
ဓနုတွေရဲ့ ရိုးရာလက်မှုလုပ်ငန်း (သို့မဟုတ်) ဝါးခမောက်ချုပ်လုပ်ငန်းကို လွန်ခဲ့တဲ့နှစ် (၁၀၀) ကျော်ဝန်းကျင်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းရွာ မြောက်ခြမ်းမှ ဓနုအမျိုးသားကြီးတယောက်က ဝါးခမောက်ကို စတင်တီထွင် ချုပ်လုပ်ခဲ့ပါတယ်။
စတင်ချုပ်လုပ်စဉ်က ဝါးခြမ်းများကိုသာ အသုံးပြုခဲ့ပြီး ဝါးနှီးဖြင့်တွယ်ကာ ချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်တဲ့အခါနဲ့ အပြင်ထွက်သွားလာတဲ့အခါ နေပူဒဏ်၊ မိုးစိုဒဏ်ကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်နဲ့ ဒေသတွင်း အသုံးပြုရန် ဖန်တီးချုပ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အသုံးပြုရအဆင်ပြေလာတာကြောင့် လူသိများလာပြီး စီးပွားဖြစ်ချုပ်လုပ်သူ များပြားလာကာ ဒေသခံတွေအတွက်သာမက အခြားဒေသတွေကပါ ဝယ်ယူလာခြင်းကြောင့် အိမ်တွင်းလက်မှုစီးပွားရေးလုပ်ငန်းအဖြစ် တည်ရှိလာပြီး ခမောက်ချုပ်လုပ်တဲ့လုပ်ငန်း ကျယ်ပြန့်လာပါတယ်။
လက်ရှိအချိန်မှာတော့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အများဆုံး ဆောင်းလေ့ ရှိကြပါတယ်။ နောက်ပိုင်းမှာ ခမောက်ကို ဝါးခြမ်းနဲ့မဟုတ်ဘဲ ဝါးကပ်တွေနဲ့ ချုပ်လုပ်လာပြီး ပိုမိုလှပ သေသပ်အောင် နိုင်လွန်ချည်တွေနဲ့ ချုပ်လုပ်လာကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေချိန်မှာ ဆောင်းလေ့ရှိတဲ့ နေပူ၊ မိုးရွာတဲ့ဒဏ်ကို ကာပေးနိုင်တဲ့ ဝါးခမောက်တွေကို သရက်ကုန်းကျေးရွာမှာ ရွာရဲ့ အဓိကစီးပွားရေး လုပ်ငန်းအနေဖြင့် လုပ်ကိုင်ချုပ်လုပ်နေကြပါတယ်။ အိမ်ခြေ (၄၀၀) ကျော် ရှိတဲ့ သရက်ကုန်းကျေးရွာမှာ ခမောက်မချုပ်တဲ့အိမ်ဆိုလို့ (၁၀) အိမ်ဝန်းကျင်ခန့်ပဲ ရှိပါတယ်။ ခမောက်လုပ်ငန်းအတွက် ရွာရှိ အမျိုးသား၊ အမျိုးသမီးများအားလုံး အတူတကွလုပ်ကိုင်နေကြတာပါ။
ဝါးခမောက်ဟာ ပင်းတယဒေသဝန်းကျင်က ထွက်ရှိတဲ့ ဒေသကုန်ပစ္စည်းတွေရဲ့ ပြုလုပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ပြုလုပ်နေသလို၊ ဓနုရိုးရာယဉ်ကျေးမှုတစ်ခုအနေနဲ့ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ ချုပ်လုပ်တဲ့ ခမောက်တွေကို အမျိုးအစား (၄) မျိုးအနေနဲ့ မြင်တွေ့နိုင်ပါတယ်။ (၁)အကြမ်းခမောက် (အမျိုးသမီးဆောင်း)၊ (၂)အချောခမောက် (အမျိုးသားဆောင်း)၊ (၃)အလှခမောက်၊ (၄) ကြိုးထိုးဘော်ကြယ်ခမောက် တို့ဖြစ်ပါတယ်။
ဝါးခမောက်ချုပ်လုပ်ရာမှာ အဓိက အသုံးပြုတဲ့ပစ္စည်းတွေကတော့ ဝါးပင်နဲ့ ဝါးဖတ်(ဝါးကပ်)တို့ ဖြစ်ပြီး၊ နိုင်လွန် ချည်ဖြူ၊ ပျားဖယောင်း၊ အရောင်ချယ်ဆိုးဆေး၊ ဦးသီးသစ်ကို အသုံးပြုကြရပါတယ်။ ဝါးအမျိုးအစားအနေနဲ့ တိုက်ဝါး၊ ဝါးကြီး၊ ရွှေမီးတူးဝါး ကို အသုံးပြုကြပြီး ထူးခြားချက်အနေနဲ့ တနှစ်သားဝါးကိုသာ အသုံးပြုပြီး ဝါးရင့်ကို အသုံးမပြုကြပေ။ ဝါးခုတ်ယူရာမှာလည်း တန်ဆောင်မုန်းလနဲ့ နတ်တော်လအတွင်းတွေမှာသာ ခုတ်လေ့ရှိပြီး ကျန်လတွေမှာ မခုတ်ကြပါဘူး။
ခမောက်လုပ်နည်းအဆင့်ဆင့်
(၁) ဝါးခြမ်းအမျှင် – ပင်းတယမြို့နယ် အနောက်ဘက်တောင်တန်းတလျှောက်မှာ အလေ့ကျ ပေါက်နေတဲ့ ဝါးတွေကို တန်ဆောင်မုန်းလနဲ့ နတ်တော်လအတွင်း ခုတ်ယူကြရပါတယ်။ ခုတ်ထားတဲ့ ဝါးတလုံးကို ဝါးခြမ်း ဆယ်ခြမ်းမှ- (၁၂) ခြမ်းအထိ ခွဲဖြာပြီးနောက် ရရှိလာတဲ့ ဝါးခြမ်းတွေကို နှစ်ပေခွဲ အချင်းရှိတဲ့ စက်ဝိုင်းသဏ္ဍာန် ပတ်ခွေပြီး ရေမှာ တလနှစ်စိမ်ထားရပါတယ်။ တလကျော်လွန်တဲ့အခါ ရေမှ ပြန်ဆယ်ပြီး နေပူမှာ တလခန့် အခြောက်ထားပြီးတော့ အဲဒီဝါးခြမ်းကို အမျှင်သေးသေးလေးတွေရအောင် ဖြာသတ်ပြီးတဲ့အခါမှာ ခမောက်ချုပ်ဖို့ အဆင်သင့်ဖြစ်ပြီ ဖြစ်ပါတယ်။
ဝါးကပ် – ခမောက်ချုပ်ရာတွင် အဓိက အသုံးပြုသော ဝါးကပ် (ခ) ဝါးဖတ်တွေကို နွေလရာသီဖြစ်တဲ့ တပေါင်းလမှ ကဆုန်လအတွင်း ကောက်ယူစုဆောင်းကြပါတယ်။ အဲဒီဝါးဖက်တွေကို ဟဲဟိုး၊ ကလော၊ ညောင်ရွှေ၊ နောင်တရား၊ ပင်လောင်း ဒေသတွေအထိ သွားရောက်ကောက်ယူကြပါတယ်။ ဝါးဖက်တွေက အလျား တစ်ပေခွဲ ဝန်းကျင်နဲ့ အရှည် နှစ်ပေပတ်ချာလည်၊ အထူ ၂ မီလီမီတာ ခန့် ရှိပြီးတော့ ကြွပ်ဆတ်လွယ်ပါတယ်။ အဲဒီဝါးကပ်တွေကို ၁ နာရီခန့် နေလှမ်းပြီး ဝါးကပ်ပေါ်ရှိ ဝါးမွှေးတွေကို အဝတ်ခြောက်နဲ့ သန့်ရှင်းရေးလုပ်ကာ အနည်းဆုံး (၃) ရက်ခန့် နေလှန်းပြီးနောက် ခမောက်ချုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
ခမောက်စတင်ချုပ်လုပ်ရန်ဖို့ အသုံးပြုတဲ့ကိရိယာတွေကတော့ (၁) ကွမ်းညှပ်၊ (၂) ဓားမဦးနှောက်၊ (၃) လွှသေး၊ (၄) ကပ်ကြေး၊ (၅) အပ်အရှည်၊ (၆) အပ်အတို၊ (၇) ဝါးကပ်ပုံစံခွက်၊ (၈) အရှည် (၇) လက်မရှိသော ဝါးပေတံတစ်လက်၊ (၉) ပျားဖယောင်းတိုက်ထားတဲ့ အဖြူရောင်နိုင်လွန်ချည်တို့ လိုအပ်ပါတယ်။
ခမောက်အုံချုပ်နည်း – ခမောက်ရဲ့ အပေါ်ပိုင်းဖြစ်တဲ့ ခမောက်အုံကို အရှည် (၆) လက်မ၊ အပေါ်အနံ (၁.၂) လက်မ၊ အောက်ခြေအနံ (၂) လက်မရှိ ဝါးကပ် (၁၁) ရွက်နဲ့ ခြင်တံ (သို့မဟုတ်) ချည်တိုင်နဲ့ ချည်တွဲချက် (၄) ချက်ဖြစ် တွဲဆက်ချုပ်ပါတယ်။ အဲဒီနောက် အပေါ်ထိပ်ကို ဆက်ပိတ်(သို့မဟုတ်) ဦးသီးနဲ့ တွဲချုပ်ရပါတယ်။ ခမောက်အုံအောက်ခြေကို ဝါးခြမ်းအမျှင်နဲ့ စက်ဝိုင်းပုံစံအတိုင်း ချုပ်လုပ်ရပါတယ်။
ခမောက်ပြားချုပ်နည်း – ခမောက်ပြား (သို့မဟုတ်) ခမောက်အောက်ခြေအလွှာကို အချင်း (၂၂) လက်မ (အမျိုးသမီးဆောင်းခမောက်)၊ အပြင်အချင်း (၁၆) လက်မ (အမျိုးသားဆောင်း) ရှိတဲ့ အဝိုင်း ဝါးကပ်ကို နှစ်လွှာထပ်ချုပ်ပါတယ်။ အပြင်အနားကို (၁) စင်တီမီတာရှိတဲ့ ဝါးခြမ်းအမျှင်နဲ့ ကွပ်ရပါတယ်။
ခမောက်ဆက်နည်း – ခမောက်အုံနဲ့ ခမောက်ပြားကို တွဲချုပ်တာပါ။ အဲဒီလိုတွဲချုပ်ပြီးနောက် ခမောက်ပြားကို ခမောက်အုံ အချင်းအတိုင်း ဖောက်ပြီး (၁) လက်မ ဝါးခြမ်းပြားခံပြီး ချုပ်ရပါတယ်။ အဲဒီနောက် အလှနဲ့ ကြိုးထိုးဘော်ကြယ်ခမောက်တွေအတွက် ပေါ်လစ်တင် ဆေးအလှဆိုးပြီး သာမာန်ခမောက်တွေကိုတော့ ဆေးမဆိုးပါဘူး။
အလှခမောက်ချုပ်နည်း – အလှခမောက်ကို အမျိုးသမီးတွေသာ ဆောင်းလေ့ရှိပါတယ်။ ခမောက်အုံမပါဘဲ၊ ခမောက်ပြားနဲ့သာ သီးသန့် ပြုလုပ်တာပါ။ ဆေးရောင်စုံံဆိုးထားသော ခြေတံ (သို့မဟုတ်) ချည်တိုင်တွေနဲ့ ခမောက်ကို အလှဖော်ကြချုပ်လုပ်ကြပါတယ်။
ကြိုးထိုးဘော်ကြယ်ခမောက်ချုပ်နည်း – ဘော်ကြယ်ခမောက်တွေကတော့ အမျိုးသားဆောင်း ခမောက်တွေ ဖြစ်ပါတယ်။ ရိုးရိုးခမောက်ကို ထပ်ဆင့်ပြီး ဆေးအလှရောင်စုံဆိုးကာ ဘော်ကြယ်နဲ့ ချည်ထိုးချုပ်လုပ်ကြတာပါ။
လက်ရှိမှာ ဝါးခမောက်တွေကို စီးပွားရေးတစ်ရပ်အနေနဲ့ ရှမ်းပြည်နယ်အနှံ့အပြား၊ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်ဒေသတို့ကို အဓိကထားတင်ပို့ရောင်းချသလို ကရင်နီ၊ ရန်ကုန်စတဲ့ဒေသတွေကို တင်ပို့ရောင်းချမှုရှိပါတယ်။ တစ်လကို ခမောက်အချပ်ရေ ထောင်နဲ့ချီထွက်ရှိပါတယ်။ ဘော်ကြယ်ခမောက်ကိုတော့ ထိုင်းနိုင်ငံကို အနည်းငယ်တင်ပို့ ရောင်းချလျက် ရှိပါတယ်။
ဒါ့အပြင် ဝါးခမောက်ချုပ်လုပ်ငန်းကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဓနုတိုင်းရင်းသား ရေးရာ အဖွဲ့ချုပ်တို့ရဲ့ ရိုးရာလက်မှုလုပ်ငန်းအဖြစ် အသိအမှတ်ပြုမှု၊ ဓနုလူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ် အသိအမှတ်ပြုမှု ရရှိထားပါတယ်။ မြို့နယ်၊ ပြည်နယ်၊ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲတွေမှာ ဖိတ်ခေါ်ခံရမှု၊ ခင်းကျင်းပြသစေမှုတွေလည်း ရှိခဲ့ပါတယ်။
အကြမ်း (အမျိုးသမီးဆောင်း) ခမောက်ကတော့ လက်ရှိအချိန်မှာ တစ်လုံးကို ၇၀၀ကျပ်၊ အချော (အမျိုးသမီးဆောင်း) ခမောက်ကတော့ တစ်လုံးကို ၁၀၀၀ကျပ်၊ အလှခမောက်နဲ့ ကြိုးထိုးဘော်ကြယ်ခမောက် ကတော့ တစ်လုံးကို ၁၅၀၀ကျပ်စီ ပေါက်ဈေးရှိနေပါတယ်။ လက်ရှိမှာတော့ တစ်ရွာလုံးအတိုင်းအတာအနေနဲ့ တစ်နေ့ကို ခမောက်အချပ်ရေ (၈၅၀) ဝန်းကျင်ထွက်ရှိနေပြီး ထွက်ရှိသမျှခမောက်အားလုံးကို ဝယ်ယူမယ့် သူမရှိတဲ့အခြေအနေမျိုးကြုံတွေ့ရတာ မရှိပေမယ့် အများကြီးအမြတ်ရတဲ့လုပ်ငန်းမျိုးမဟုတ်ကြောင်း၊ တနိုင် တပိုင်မိသားစုစားသောက်ရေးအတွက် လုပ်ငန်းမျိုးဖြစ်ကြောင်းနဲ့ စီးပွားဖြစ်အကြီးအကျယ်လုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးဖြစ်ကြောင်း သိရပါတယ်။ လက်ရှိခမောက်ချုပ်လုပ်သူတွေရဲ့မျှော်မှန်းချက်ကတော့ ဈေးကွက် ပိုမို ကျယ်ပြန့်လာရေးနဲ့ အထောက်အကူပစ္စည်း ထောက်ပံ့ရရှိရေး ဖြစ်တယ်လို့ ဆိုပါတယ်။
ရိုးရာယဉ်ကျေးမှု အမွေအနှစ် အသိအမှတ်ပြုမှု ရရှိထားပေမယ့် ကူညီထောက်ပံ့တာမျိုး တစ်စုံတစ်ရာ မရှိသေးပါဘူး။ မိသားစုရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှတော့ ကုန်ကြမ်းတွေ မရှားပါးသေးပေမယ့် ဈေးမြင့်တက်လာတဲ့ အခက်အခဲနဲ့ ဒေသခံတွေ ရင်ဆိုင်နေကြရပါတယ်။ ခမောက်ကို ဈေးမြင့်တင်ရောင်းချတာမျိုးလည်း မရှိကြပါဘူး။ ဒါပေမယ့် ဒေသခံတွေအတွက်ကတော့ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ခမောက်လုပ်ငန်းတစ်ခုတည်းနဲ့ စားဝတ်နေရေးရပ်တည်ဖို့အတွက် စိန်ခေါ်မှုတွေက ရှိလာနေပြီဖြစ်ပါတယ်။
ဓာတ်ပုံ-Zin Ko၊ ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW