လားရှိုးမှာ နစကဘက်က ဝန်ထမ်း တချို့စတင် ဝင်ရောက်လာ

ဧပြီ ၁၉၊ ၂၀၂၅
Shy V( VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းကစ နစကဘက်က ဝန်ထမ်း တချို့စတင် ဝင်ရောက်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကား အစီး ၂၀၊ ၃၀ လောက် ဝင်လာတာ တွေ့တယ်။ ရှေ့ပြေးကား ကတော့ စစ်ဝတ်စုံနဲ့။ ကျန်တဲ့ ကားတွေကတော့ အရပ်ကားတွေ။ ဝန်ထမ်းတွေပဲလား၊ စစ်သားတွေပါလား၊ ဘယ်သူတွေလဲ ဆိုတာ မသိပါဘူး” လို့ ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။
မြို့ထဲမှာတော့ ကိုးကန့် MNDAA ရဲတွေနဲ့ စစ်သားတွေ တချို့ သွားလာနေကြတာတွေ့ရတယ်လို့ သူက ပြောပါတယ်။
လဝက အပါအဝင် အရပ်ဘက် ဆိုင်ရာ ရုံးဝန်ထမ်းတွေ အရင်ဝင်ရောက်လာမယ်လို့လည်း ကြားသိထားရတယ်လို့ ဆိုပါတယ်။
“ကိုးကန့် MNDAA စစ်သားနဲ့ ရဲတွေ တချို့ မြို့ထဲ ရှိပါသေးတယ်။ ဆေးရုံက ပစ္စည်းတွေတောင် သယ်နေတုန်းပဲ။ အချုပ်၊ ထောင်က သူတို့ ဖမ်းထားတဲ့ လူတွေကိုတောင် ပစ္စည်းတွေ တင်ခိုင်းနေတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လားရှိုး ပြည်သူ့ ဆေးရုံကတော့ ဧပြီလ ၁၇ ရက်နေ့ကစ အပြီး ပိတ်ထားပြီး ဆေးရုံက ပစ္စည်းတွေကို ကိုးကန့် MNDAA တပ်ဖွဲ့တွေက ဆေးထိုးအပ်တွေထည့်တဲ့ ခြင်းတောင်းတွေပါ မကျန် သယ်ယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ္စည်း တင်နေတဲ့ MNDAA တပ်ဖွဲ့တွေကတော့ ပြောင်းရွှေ့ရမယ့် အဖွဲ့က သူတို့ မဟုတ်ကြောင်း၊ ပြောင်းရွှေ့ရမယ့်အဖွဲ့တွေ ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ပြောပြတယ်လို့ ဆိုပါတယ်။
“အေတီတံတားမှာတော့ ကိုးကန့် MNDAA တပ်ဖွဲ့ ဘက်က တပ် အခိုင်အမာ လုပ်နေတာကို တွေ့ရတယ်။ မြို့ထဲမှာ ကိုးကန့် MNDAA စစ်သားနဲ့ ရဲတွေ သွားလာနေသေးတာတွေ့ရတယ်” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ အနေနဲ့ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို နစက တပ်ဖွဲ့ဆီ ပြန်ပေးအပ်မယ်လို့ သိရပေမယ့် လက်ရှိ မြို့ပေါ်မှာ ကိုးကန့် MNDAA တပ်သား တချို့၊ ရဲတချို့၊ UWSA တပ်ဖွဲ့ အနည်းငယ်၊ ပြန်ဝင်လာတဲ့ နစက တပ်ဖွဲ့ တွေ ရှိမယ်ဆိုတော့ အခြေအနေက စောင့်ကြည့်ရအုံးမယ်လို့ဆိုပါတယ်။
ကိုးကန့် MNDAA နဲ့ နီးစပ်သူတွေကတော့ လားရှိုးမှာ MNDAA ဆက်ဆံရေးရုံး တပ်ဖွဲ့ နဲ့ ရဲ တချို့ရှိနေမှာဖြစ်ပြီး မြို့ပေါ် ရပ်ကွက် ၁၂ ခုကို နစက တပ်ဖွဲ့ကို ပြနါအပ်မယ်၊ MNDAA တပ်ဖွဲ့တွေက မြို့ပြင်မှာ ရှိနေမယ်၊ တရုတ်ဘက်ကတော့ မြို့ပေါ် ကြားနေရုံး ထိုင်မယ်လို့ သိရှိထားကြောင်း ပြောပါတယ်။
လားရှိုးရဲ့ အ‌ခြေအနေက တရုတ်ရဲ့ ညွှန်ကြားမှုအောက်မှာပဲ ရှိနေမှာ ဖြစ်တာကြောင့် ရှမ်းမြောက်ရဲ့ စစ်ရေး အပြောင်းအလဲက တရုတ် လက်ထဲမှာပဲ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာရှိုးကို တရုတ် ညွှန်ကြား စမ်းသပ် အုပ်ချုပ်ကြည့်လို့ အဆင်ပြေရင် လားရှိုးမြို့ကို တရုတ် နိုင်ငံက မြို့တွေအတိုင်းတည်ဆောက်နိုင်ခဲ့ရင် မြန်မာနိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေလည်း တရုတ်က သွယ်ဝိုက် အုပ်ချုပ်တဲ့ ဒေသတွေဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဘက်က ကိုယ်စားလှယ်တချို့ ကလည်း နမ့်တစ်နယ်စပ်ဂိတ် ကနေတဆင့် လားရှိုးဘက်ကို ဒီနေ့ ဧပြီလ ၁၉ ရက်နေ့မှာ ကားအများအပြားနဲ့ ဖြတ်သန်းလာကြောင်း သတင်းလည်း ထွက်ပေါ်နေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW