SSPP နဲ့ MNDAA တို့အကြား နှစ်ရက် ဆက်တိုက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားမည်

မေ ၁၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြိုနယ်နဲ့ သီပေါမြို့နယ် အစပ်တွေမှာ SSPP နဲ့ MNDAA တို့အကြား နှစ်ရက် ဆက်တိုက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီ ထိတွေတိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက် ဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားမှာဖြစ်ကြောင်း ဒေသခံတွေနဲ့ SSPP ဘက်က သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
“သေနတ် ပစ်သံတွေ ကြားတယ်။ ဘယ်မှာ ဘယ်လို ဖြစ်တာ မသိလိုက်ဘူး။ အရင်ရက်က MNDAA တပ်ဖွဲ့တွေ ကားနှစ်စီးနဲ့ ဝင်လာတာ တွေ့လိုက်တယ်” လို့ နမ္မရွာ အနီး ရွာသစ်က ေဒသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နမ္မတူနဲ့ အနီး တဝိုက်က ရှမ်းရွာတွေပဲ ရှိတာ ဖြစ်ပြီး အရင်ကတည်းက SSPP တပ်ဖွဲ့တွေ နေတယ်လို့ သူက ပြောပါတယ်။
“ရှမ်းရွာ ဟန်နားအုပ်စုဘက်လည်း ဧပြီလ ၃၀ ရက်နေ့ ညနေ မှောင်ရီပျိုးချိန်အထိ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က စစ်အင်အား ထပ်ဖြည့်တင်း နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အဲဒီ ရွာတွေဟာ ရှေးနှစ် ပေါင်းများစွာ ကတည်းက SSPP တွေ စိုးမိုး လှုပ်ရှားတဲ့ နေရာ ဖြစ်ပြီး နယ်မြေအငြင်းပွားမှုထက် မြေအောက် သယံဇာတ အတွက်နဲ့ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
“ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက ၂ ဖက်တပ် ပစ်ခတ်မှု အပြီး ဟန်နားရွာကနေ SSPP တပ်ဖွဲ့ ဆုတ်ခွာ ပေးလိုက်ပြီးနောက် ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်ခန့် က SSPP တပ်ဖွဲ့ ဘက်က အင်အားသုံး ပိတ်ဆို့ လိုက်ပြီး MNDAA တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။” လို့ ရှမ်း/မြောက် ဒေသရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။
MNDAA အနေနဲ့ မြန်မာတိုင်းရင်းသား ဘာသာစကား တလုံးတပါဒမှ မသိနားမလည်၊ မသုံးပဲ တရုတ် ဘာသာစကားသာ သုံးပြီး ရှမ်း/မြောက်ဒေသမှာ ရပ်တည်နိုင်ဖို့ အဆင်မပြေနိုင်ကြောင်း သူက ပြောပါတယ်။
ဧပြီလ ၂၈ နဲ့ ၂၉ ရက် နှစ်ရက်အတွင်း SSPP နဲ့ MNDAA တို့အကြား စစ်ရေးထိတွေ့မှု ၈ နေရာ၊ နှစ်ဘက်တပ်တွေ ရုန်းရင်း ဆန်ခတ်၊ ထိုးကြိတ်၊ ရိုက်နှက် ဖမ်းဆီးမှု ၂၄ နေရာရှိခဲ့ပြီး နှစ်ဘက် ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ သတင်းနှင့် ပြန်ကြားရေးဌာန သတင်း ထုတ်ပြန်ထားပါတယ်။
နှစ်ဘက် စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနဲ့ ပတ်သက်ပြီး နှစ်ပါတီ ဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားကြမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
SSPP တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့ တွေက ဆယ်စု နှစ်ချီ ရပ်တည်လာတဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ ပေမယ့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလကစ SSPP လှုပ်ရှားနယ်မြေထဲဖြတ်သန်း သွားလာတဲ့ MNDAA အောက်ခြေတပ်ဖွဲ့တွေနဲ့ နဲ့ SSPP အောက်ခြေတပ်ဖွဲ့တွေဘာသာစကား ပေါက်ကြားမှု အားနည်းတာတွေ၊ SSPP နယ်မြေအတွင်း MNDAA တပ်ဖွဲ့တွေ ဖြတ်သန်းသွားလာမှုကို တရားဝင်အကြောင်းကြားမှု အားနည်းတာတွေကြောင့် နှစ်ဘက် အောက်ခြေတပ်ဖွဲ့ တွေ မကျေမချမ်းမှုမှ စတင်ကာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ နဲ့ ၂၉ ရက်နေ့ တွေမှာ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
ဧပြီလ ၂၉ ရက်နေ့မှာ MNDAA တပ်ဖွဲ့က SSPP လှုပ်ရှားနယ်မြေထဲ ဝင်လာပြီး SSPP တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရိုက်နှက် တာတွေ၊ တပ်နေရာအတင်း ပြောင်းရွှေ့ခိုင်း တာတွေကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး သီပေါမြို့နယ် တင်းဟိုင်းရွာနဲ့ ဟူးမီရွာအနီး၊ မိုင်းကျက်၊ မိုင်းယော်၊ ဟိုဟွေး၊ စိန်ကျော့ တွေဘက်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စိန်ကျော့ SSPP တပ်စခန်းကို ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ပိုင်းက MNDAA တပ်ဖွဲ့ဘက်က ထိန်းချုပ်နိုင် ပေမယ့် လက်ရှိ SSPP တပ်ဖွဲ့က ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။
ဧပြီ ၂၈ ရက်မှာ နမ္မနဲ့ ကုန်ပေါင်းရွာက SSPP တပ်ဖွဲ့တွေကို MNDAA တပ်ဖွဲ့ဘက်က တပ်ဆုတ်ပေးခိုင်းရာကနေ နှစ်ဖက်တပ်တွေ ထိုးကြိတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ SSPP တပ်စခန်းတွေရှိရာ နားနန်း၊ နားတော်၊ ခိုနန်းဖ၊ တင်းဟိုင်း၊ ဆင်ကျော့၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စတဲ့ နေရာ တွေဘက် MNDAA တပ်ဖွဲ့မှ အင်အားဖြည့်တင်းနေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
SSPP ဘက်က နှစ်ဖက် စစ်ရေးနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ ရှိပေမယ့် MNDAA ဘက်ကတော့ သတင်း ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀ ၂၄ မတ်လတုန်းကလည်း သိန္နီမြို့နယ်မှာ SSPP နဲ့ MNDAA တို့ အကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး‌နောက် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းခဲ့ဖူးပါတယ်။
Photo Crd# SSPP Info

Related posts

Leave a Comment

VOM News

FREE
VIEW