အစ္စလာမ္မာဘတ်၊ မေ-၇-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယတိုက်လေယာဉ် ငါးစင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Ahmed Sharif Chaudhary က အခိုင်အမာပြောဆိုလိုက်ပါတယ်။
ပစ်ချခဲ့တဲ့ လေယာဉ်တွေထဲမှာ Rafale သုံးစင်း၊ SU-30 နဲ့ MiG-29 ၁ စင်း အပါအဝင် အိန္ဒိယလေယာဉ် ငါးစင်း Heron ဒရုန်းတစ်စင်းတို့လည်း ပါဝင်တယ်လို့ သူကပြောပါတယ်။ အိန္ဒိယဘက်ကတော့ ဒီကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။
ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသ နေရာကိုးခုကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ကတော့ နေရာသုံးခုမှာ တိုက်ခိုက်ခံရပြီး ကလေးနှစ်ယောက်အပါအဝင် လူ ခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်အုပ်ချုပ်တဲ့ Muzaffarabad မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသမှာ ဗလီသုံးလုံးလည်းထိခိုက် ပျက်စီးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ အိနိ္ဒိယ တိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ စစ်သွေးအခြေစိုက်စခန်းတွေမဟုတ်ဘဲ အရပ်သားပစ်မှတ်တွေဖြစ်တယ်လို့ ပြောပါတယ်။
အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတဲ့ အိန္ဒိယရဲ့ ပြောဆိုချက်ဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ကမ္ဘာလှည့်ခရီးသည် ၂၆ ယောက်သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ဆက်ဆံရေး သိသိသာသာ ဆိုးရွားနေပါတယ်။
အိန္ဒိယပြည်နယ်အများအပြားမှာတော့ အရပ်သားတွေအတွက် လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုတွေ ဆက်တိုက်ပြုလု်ပနေပြီး ခရိုင် ၂၂၄ ခုမှာ ဒီလိုဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ဖို့ ဗဟိုအစိုးရ တာဝန်ရှိသူတွေက ယခုသီတင်းပတ်အစောပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒီအတောအတွင်း အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသုံးယောက်သေဆုံးခဲ့ပါတယ်။ ပါကစ္စတန် လုံခြုံရေးထိပ်တန်းတာဝန်ရှိသူတွေဟာ မကြာခင်မှာ အရေးပေါ် အစည်းအဝေးတရပ် ပြုလုပ်ဖို့ရှိနေပါတယ်။
Ref:BBC
Photo:Reuters