မေ ၁၃၊ ၂၀၂၅
Shy V (VOM)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာမှာ မေလ ၁၂ ရက် ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်က ထိခိုက်သေဆုံးမှုတွေ ဖြစ်စဉ်မှာ နစက ဗုံးကြဲတိုက်ခိုက်မှု မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှု မရှိကြောင်း နစက ဘက်က ငြင်းဆို ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့်လည်း ‘ဗုံးမှန်တဲ့ ငါတို့ကျောင်း၊ ဟော ဒီမှာ သွေးစွန်းနေတဲ့ ကလေးတွေရဲ့ အဝတ်တွေ၊ အခုလည်း အပေါ်မှာ ဝဲ နေတုန်းပဲ။ ကလေးတွေရဲ့ ပညာသင်ကြားမှု အတွက် ဘာဖြစ်လို့ ဒီလို လုပ်တာလဲ။” လို့ အဲဒီကျောင်းက ဆရာမ တယောက်က လူမှုကွန်ရက်မှာ ရုပ်သံတင်ထားပါတယ်။
၂၀၂၅ ခုနှစ် မေလ ၁၂ ရက် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာမှာ မနက် ၁၀ နာရီလောက်က နစက တပ်ဖွဲ့က ဗုံးကြဲချ တိုက်ခိုက်သွားတယ်လို့ သူက ပြောပါတယ်။
လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမ နှစ်ယောက် အပါအဝင် ကျောင်းသား၊ ကျောင်းသူ အယောက် ၅၀ ဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း တရားမဝင် မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေတာလို့ နစက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
“ဟောဒီ အနောက်က အခန်းမှာ စာသင်နေတဲ့ ကလေးတွေထဲက အနည်းဆုံး ၁၀ ယောက် သေဆုံးတယ်။ ဆရာ၊ ဆရာမ နှစ်ယောက် သေဆုံးသွားတယ်။ ထိခိုက် ဒဏ်ရာရတဲ့ အရေအတွက်တွေ ကျမတို့ အခုထိကို ထုတ်ပြန် ကြေညာ နိုင်ခြင်း မရှိသေးဘူး။ အများကြီးပဲ။ စာသင်နေရင်း မတ်တတ် မှာကိုပဲ ထိခိုက် ဒဏ်ရာတွေ ရရှိတာ။” လို့ အဲဒီစာသင်ကျောင်းက ဆရာမက ရှင်းပြထားပါတယ်။ကလေးတွေအတွက် ကူညီပေးကြဖို့လည်း နိုင်ငံတကာကို ဗွီဒီယိုဖိုင်ကနေ တောင်းဆိုထားပါတယ်။
အဲဒီ ဖြစ်စဉ်မှာ ယမန်နေ့ ညနေ အထိ အလောင်း ကောက်ယူရရှိတဲ့ ကျောင်းသူ ကျောင်းသား ၂၂ လောင်းအထိ ရရှိထားပြီး အခြား ခန္ဓာကိုယ်မပီသတော့တဲ့ အပိုင်းအစတွေကိုတော့ ကျောင်းအပ်လက်ခံစဉ်က စာရင်းနဲ့ ပျောက်ဆုံးစာရင်း တိုက်ယူ စိစစ်နေဆဲလို့ ဖြစ်ကြောင်း သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
Photo Crd# ဒေသခံ