ဘာမာကို၊ မေ-၁၅-၂၀၂၅
ရတီ(VOM)
မာလီနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးထွားလာတာကြောင့် နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးကို မာလီစစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ စည်းဝေးပွဲတွေအားလုံးကို နိုင်ငံတော်ပိုင်နက်အတွင်း ဖျက်သိမ်းလိုက်တယ်လို့ သမ္မတအမိန့်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ ဒီလိုပိတ်ပင်မှုဟာ ဒီမိုကရေစီစနစ်နဲ့ အရပ်သားအုပ်ချုပ်ရေးကို တောင်းဆိုနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်းမာတဲ့ သဘောထားနဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မာလီမှာ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာပိုင်တွေက ကတိကဝတ်ပြုထားပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် Assimi Goïta ဟာ နောက်ထပ်ငါးနှစ်ကြာ အာဏာကိုင်ဆွဲထားဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း အာဏာပိုင်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပါတယ်။ စစ်အစိုးက ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို အတိုက်အခံခေါင်းဆောင်တွေက သပိတ်မှောက်ခဲ့ကြပေမယ့် အာဏာသိမ်းခေါင်းဆောင်ကတော့ ၂၀၃၀ ခုနှစ်ထိ သမ္မတတာဝန်ယူမှာဖြစ်ပါတယ်။
ဒီလိုတာဝန်ယူမှုအပေါ် အတိုက်အခံနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချခဲ့ကြသည်။ စစ်အစိုးရဟာ ကနဦးမှာတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကတိပြုထားခဲ့တာဖြစ်ပါတယ်။
အတိုက်အခံပါတီတွေ စုပေါင်းပြီး အသွံင်ကူးပြောင်းရေးအစိုးရကို ဆန္ဒပြဖို့ ယခင်အပတ်က စီစဉ်ခဲ့ပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ ကန့်သတ်ခံရတာကြောင့် ရွေ့ဆိုင်းခဲ့ရပါတယ်။ စစ်အစိုးရခေါင်းဆောင်တွေဟာ အာဏာရယူပြီးနောက် အာဏာသိမ်းဖော် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘာကီနာဖာဆို၊ နိုင်ဂျာစတဲ့ ခေါင်းဆောင်တွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး ကိုလိုနီဟောင်းပြင်သစ်နဲ့ ဆက်ဆံရေးလျှော့ခဲ့ကာ ရုရှားနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။
Ref:BBC
Photo:Reuters