မေ ၁၈ – ၂၀၂၅
SN (VOM)
မန္တလေးတိုင်း နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်၊ ဆီမီးခုံ စတဲ့ မြို့ ငါးမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက စစ်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး နစကဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်သုံးပြီး ပြန်လည် ခုခံနေတယ်လို့ သိရပါတယ်။
မေ ၁၅ မနေ့က မြင်းခြံခရိုင်အတွင်း နစကတပ်တွေ တပ်စွဲထားတဲ့ ၁၈ ရပ်ကွက်အနီးရှိ စခန်း၊ ဆီမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာ စခန်း၊ နန်းမြင့်တောင်ကြားစခန်း၊ တောင်သာနယ် ထနောင်းကုန်းပျူစခန်း၊ နွားထိုးကြီးနယ် ဝက်လူးရဲစခန်း၊ ထန်းဇင် မြောက်ဘက် ကျေးရွာရှိ ဓာတ်ငွေ့ပိုက်လိုင်းစောင့်စခန်း၊ ငါန်းဇွန်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစရှိတဲ့ နေရာတွေကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ တပြိုင်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မြင်းခြံဆေးရုံမှာလည်း နစကဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ အများကြီး ရောက်နေတယ်။ သေဆုံးသူတွေလည်း များတယ်။ လက်နက်ကိုင် တပ်တွေဘက်ကလည်း ထိခိုက်၊ သေဆုံးတွေ ရှိတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ တခုတည်းမှာတင် တပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးခဲ့တယ်လို့ လက်နက်ကိုင် တပ်တွေဘက်က အသိပေးထားပေမယ့် တိုက်ပွဲ အသေးစိတ် အခြေအနေကိုတော့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးသလို နစကဘက်ကလည်း လတ်တလော တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ စမြိတ်ခုံ(ဆီမီးခုံ) နယ်တွေက နစက အထိုင်စခန်းတွေကို လက်နက်ကိုင် ပူးပေါင်းတွေက ထိုးစစ်ဆင်ခဲ့တာမှာ မြင်းခြံမြို့အနီး ၂ မိုင်ဝန်းကျင် အကွာအထိ တိုက်ပွဲတွေရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ။ တောင်သာမြို့နယ် ထနောင်းကုန်းရွာမှာလည်း တိုက်ပွဲက ဆက်ရှိနေပါတယ်။ နစက ကလည်း လေကြောင်း ပစ်ကူပေးနေတယ်။ မကြာခင် မြေပြင် စစ်ကြောင်းတွေလည်း ရောက်လာဖို့ရှိတယ်ကြားတယ်။ လေကြောင်းတွေလည်း နောက်ပိုင်း ပိုသုံးလာမယ်ထင်တယ်။ တိုက်ပွဲက နောက်ပိုင်း ပိုပြင်းထန်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးဝန်းကျင်က ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး တိုက်ပွဲတွေကြောင့် စစ်ရှောင်ကျေးရွာ အရေအတွက်နဲ့ လူဦးရေစာရင်းကို ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
Photo – CJ
မန္တလေးတိုင်း မြို့ ငါးမြို့မှာ စစ်ရေးဆက်လက်တင်းမာနေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများပြား
